အသင်းမှထွက်ခွင့်ပေးရန် ချဲလ်ဆီးလူငယ်ကြယ်ပွင့် ဟက်ဆန်အိုဒွိုင်း တောင်းဆို

815
ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ချဲလ်ဆီးလ်လူငယ် ကြယ်ပွင့်ကစားသမားလေး ဟက်ဆန်အိုဒွိုင်းဟာ အသင်းက ထွက်ခွာခွင့်ပေးဖို့ တရားဝင်တောင်းဆိုလိုက်တယ်လို့ The Guardian သတင်းမှာ ဖော်ပြပါတယ်။
ဒါဟာ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကုန်ဆုံးမယ့် အပြောင်းအရွေ့ကာလမတိုင်ခင် အသင်းပြောင်းရွှေ့နိုင်ဖို့အတွက် ချဲလ်ဆီးအသင်းကို ဖိအားပေးလိုက်တာပဲဖြစ်ပါတယ်။
ချဲလ်ဆီးအကယ်ဒမီထွက် ဆယ်ကျော်သက် ကစားသမားလေးဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။
ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက အိုဒွိုင်းကို ကာလရှည်ပစ်မှတ်ထားခဲ့တာဖြစ်ပြီး နောက်ဆုံးအကြိမ်တုန်းက ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းထားခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးဘက်က ဒီကမ်းလှမ်းမှုတွေကို လက်မခံဘဲ အိုဒွိုင်းကို ဆက်ထိန်းထားလိုနေတာဖြစ်ပါတယ်။
အင်္ဂလန် ယူ-၁၇ အသင်းနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ဖူးတဲ့ အိုဒွိုင်းဟာ နည်းပြဆာရီ လက်ထက်မှာ ပွဲကစားခွင့် နည်းပါးနေလို့ အသင်းပြောင်းရွှေ့ချင်နေတာဖြစ်ပြီး အသင်းက သူ့ကို တပတ်လုပ်ခ ပေါင် ၈၀၀၀၀ နီးပါးနဲ့ မကမ်းလှမ်းရင် စာချုပ်သက်တမ်းတိုးမှာ မဟုတ်ဘူးလို့ အတိ အလင်း ကြေညာထားသူဖြစ်ပါတယ်။
အိုဒွိုင်းဟာ အခုရာသီမှာ ချဲလ်ဆီးအသင်းနဲ့ ၉ ပွဲပါဝင်ကစားခွင့်ရထားပြီး ယူရိုပါလိဂ်နဲ့ ကာရာဘောင်ပြိုင်ပွဲတွေမှာ ၄ ပွဲ ပွဲထွက်ခွင့်ရထားပေမယ့် ပရီးမီးယားလိဂ်မှာတော့ ပွဲထွက်ခွင့် ရထားခြင်းမရှိသေးပါဘူး။
ဒါ့ကြောင့် သူဟာ ပုံမှန်ပွဲထွက်ခွင့်ပေးနိုင်မယ်လို့ ယူဆရတဲ့ ဘိုင်ယန်မြူးနစ်အသင်း ကို ပြောင်းရွှေ့လိုနေတာဖြစ်ပြီး ချဲလ်ဆီးအသင်းဘက်ကတော့ ဘိုင်ယန်အသင်းရဲ့လုပ်ရပ်ကို ပြစ်တင်ဝေဖန်ထားပါတယ်။
ချဲလ်ဆီးအသင်းနည်းပြ ဆာရီက အိုဒွိုင်းကို လိုချင်ပါတယ်လို့ လူသိရှင်ကြား ထုတ်ဖော်ဝန်ခံထားတဲ့ ဘိုင်ယန်အားကစားဒါရိုက်တာရဲ့ ပြောဆိုမှုကို ပရော်ဖက်ရှင်နယ်မဆန်တဲ့ လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ဖူးပြီး အိုဒွိုင်းဟာ သိသိသာသာ တိုးတက်မှုရှိလာတာ မှန်ပေမယ့် သူ့မှာ သင်ယူစရာ များစွာကျန်သေးတယ်လို့ မှတ်ချက်ပေးထားးပါတယ်။
ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အယ်ဘာတို မိုရာတာအား အက်သလက်တီအိုအသင်းထံ ပြောင်းရွှေ့ဖို့ ရှိနေတာကြောင့် အိုဒွိုင်းကို အသင်းမှာ ဆက်ထိန်းထားလိုတာဖြစ်ပြီး လူငယ်ခြေတက်လေးရဲ့ အသင်းပြောင်းရွှေ့ခွင့်တောင်းဆိုမှုအပေါ် ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည်ရမှာဖြစ်ပါတယ်။