Live
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းထဲက မြို့ ၄ ခုတွင် ရေကျောက်ရောဂါ ဖြစ်ပွား
ပိုင်စိုး
·
January 27, 2019
စစ်ကိုင်းတိုင်းထဲက မြို့ ၄ ခုမှာ ရေကျောက်ရောဂါ ဖြစ်ပွားတာတွေ ရှိနေတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီပဲယင်းမြို့နယ် ဘော်ဒါဆောင်တခုက ကျောင်းနေအရွယ်ကလေးတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ကနီမြို့နယ်၊ ဘုတလင်မြို့နယ်နဲ့ ပင်လည်ဘူးမြို့နယ်တို့က ရွာ ၃ ရွာမှာ ရေကျောက်ရောဂါ အစုလိုက်ဖြစ်နေတာကို ဇန်နဝါရီ ၂၁ ရက်က သတင်းရတာကြောင့် ကွင်းဆင်းခဲ့တယ်လို့ ဆိုပါတယ်။ တိုင်း၊ ခရိုင်နဲ့ မြို့နယ်တို့က ကွင်းဆင်းအဖွဲ့တွေဟာ ရောဂါဖြစ်တဲ့ရွာတွေနဲ့ စာသင်ကျောင်းတွေကို ဆင်းပြီး ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ခဲ့ကြပါတယ်။ ကနီမြို့နယ် ညောင်သူမြားရွာမှာ လူနာ အယောက် ၆၀၊ ဘုတလင်မြို့နယ် လေးမြေရွာမှာ လူနာ ၆၈ ယောက်၊ ပင်လည်ဘူးမြို့နယ် ဟဲသတ်ရွာမှာ ၂၁ ယောက်နဲ့ ဒီပဲယင်းမြို့နယ်က ဘော်ဒါဆောင်မှာ ၁၉ ယောက်၊ စုစုပေါင်း ၁၆၈ ယောက် တွေ့ရပြီး သေဆုံးသူ မရှိဘူးလို့လည်း ဆိုပါတယ်။ ကွင်းဆင်းအဖွဲတွေဟာ ရောဂါဖြစ်သူတွေကို ဆေးကုသပေးတာ၊ လူနာအသစ်ရှာဖွေတာ၊ သွေးနမူနာတွေယူပြီး အမျိုးသားပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာန ရန်ကုန်ကို ပေးပို့တာတွေ လုပ်ခဲ့သလို သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာန၊ ပညာရေးဌာနတို့နဲ့ ပူးပေါင်းပြီး ကျန်းမာရေး အသိပညာပေးတာတွေလည်း လုပ်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၅ ရက်အထိ ရေကျောက် အစုလိုက်ဖြစ်တာ ထပ်မတွေ့ရတော့ဘဲ တချို့စာသင်ကျောင်းတွေကို ယာယီပိတ်ထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024