နျူအီနိုင်ငံက တကောင်တည်းသော ဘဲလေးထရီဗာ သေဆုံးမှု ဝမ်းနည်းကြောင်း နယူးဇီလန်ထုတ်ပြန်

နျူအီ (Niue) ကျွန်းနိုင်ငံငယ်လေးမှာ တကောင်တည်းသာရှိတဲ့ ဘဲလေးဟာ သေဆုံးသွားခဲ့ပြီး ဒီသေဆုံးမှုအတွက် နယူးဇီလန်လွှတ်တော်က ဝမ်းနည်းကြောင်း ထုတ်ပြန်ကြောညာခဲ့တယ်လို့ i.stuff သတင်း မှာ ဖော်ပြပါတယ်။ ထရီဗာလို့အမည်ရတဲ့ ဒီဘဲလေးဟာ နျူအီရဲ့ နာမည်ကျော် သတ္တဝါလေးဖြစ်ပြီး သူဟာ ခွေးကိုက်ခံရတာကြောင့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သူ့ကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ “ဒီဆုံးရှုံးမှုအတွက် နျူအီဒေသခံများကို နယူးဇီလန်လွှတ်တော်က ကိုယ်ချင်းစာကြောင်း”  နယူးဇီလန်အောက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌဖြစ်သူ ထရီဗာမားလတ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ဘဲလေး ထရီဗာဟာ ၂၀၁၈ ခုနှစ်အစပိုင်းကာလမှာ ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းတခုအတွင်း လေနဲ့ ပါလာခြင်း ဒါမှမဟုတ် ပျံသန်းလာခြင်းကြောင့် နယူးဇီလန်နိုင်ငံမှတဆင့် ကီလိုမီတာ  ၂၄၀၀ ဝေးတဲ့ နျူအီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ သူဟာ သေးငယ်တဲ့ ပစိဖိတ်ကျွန်းနိုင်ငံလေးမှာ ထင်ရှားတဲ့ သတ္တဝါတကောင်ဖြစ်လာခဲ့ပါတယ်။ နျူအီမှာ ဘဲလေးတွေအတွက် လိုအပ်တဲ့ စိမ့်မြေ ဒါမှမဟုတ် ရေကန်ငယ်တွေ မရှိတာကြောင့် ဘဲလေး ထရီဗာဟာ လမ်းဘေးမှာရှိတဲ့ ဗွက်အိုင်တခုမှာသာနေထိုင်ရပြီး အစာအစာအတွက်လည်း တာဝန်ရှိသူတွေရဲ့ ကျွေးမွေးမှုကို မှီခိုရပါတယ်။ မကြာသေးခင်က ထရီဗာနေထိုင်တဲ့ ဗွက်အိုင်လေးဟာ ရေခန်းခြောက်သွားတာကြောင့် နျူအီမီးသတ်ဌာနက ရေပြန်ဖြည့်ပေးခဲ့ရပြီး အဲဒီနေရာလေးကို နိုင်ငံရဲ့ ဘဲထိန်းသိမ်းရေး စခန်းအဖြစ် ဆက်လက်ထားရှိခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ ထရီဗာရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကတဆင့် ထရီဗာ ပျောက်ဆုံးနေကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး သူ့ကိုတွေ့ရှိမိပါက သတင်းပေးဖို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ပြီးနောက်မှာတော့ အမေရိကန်မှာရှိတဲ့ လူတွေအပါအဝင် ထရီဗာကို ချစ်ခင်ကြတဲ့ နိုင်ငံပေါင်းစုံက လူတွေက သူ့ကိုအမြန်ဆုံးပြန်လည်တွေ့ရှိစေဖို့ ဆုမွန်ကောင်းတောင်း ပေးခဲ့ကြပြီး တချို့ကလည်း ဘဲပျောက်တိုင်ချက်ဖွင့်ဖို့ အကြံပြုခဲ့ကြပါတယ်။ အဲဒီနောက် ဇန်နဝါရီ ၂၆ ရက်နေ့မှာတော့ ထရီဗာရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ တဆင့် သူ့ကို ချုံပုတ်တခုထဲမှာ သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထရီဗာလေး နျူအီကို ဘယ်နည်းဘယ်ပုံရောက်ရှိလာပြီး လမ်းဘေးမှာ ရှင်သန်နေထိုင်ကာ ဒေသခံတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေရဲ့ အာရိုစိုက်စရာဖြစ်ကာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ထင်ရှားတဲ့ နာမည်ကျော်ဖြစ်လာပြီး နျူအီနိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်ခဲ့ပုံအား ရေးသားဖော်ပြကာ ကောင်းရာမွန်ရာ ရောက်ရှိစေဖို့ကိုလည်း ဆုတောင်း ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up