Home
မြန်မာသတင်း
မြန်မာ့သိုင်းပညာကို တပ်မတော်အတွင်း မသင်မနေရ သင်ကြားပေးနေဟု ကာချုပ်ပြော
ပိုင်စိုး
·
January 27, 2019
မြန်မာ့သိုင်းကို တပ်မတော်လေ့ကျင့်ရေးကျောင်းတွေမှာ မသင်မနေရ သင်ကြားပေးနေပြီး မြန်မာ့သိုင်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တပ်မတော်က မြန်မာ့သိုင်းအဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ မနေ့ကပြုလုပ်တဲ့ တပ်မတော် ကြည်း၊ ရေ၊ လေ မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနား တက်ရောက်လာတဲ့ မြန်မာ့သိုင်းအဖွဲ့ချုပ် တာဝန်ရှိသူတွေ၊ သိုင်းဆရာကြီးတွေကို တွေ့ဆုံပြီး ပြောခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာသိုင်းပညာရပ်ဟာ ရှေးဘုရင်တွေ လက်ထက် ကတည်းက ကိုယ်လုံပညာရပ်တခု၊ အားကစားနည်းတခုအဖြစ် ရှိခဲ့ပြီး အခုအခါ မြန်မာ့သိုင်း ပညာရပ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်က ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ မိမိအနေနဲ့ မြန်မာ့သိုင်းပညာကို တပ်မတော်မှာ ၂၀၁၅ ခုနှစ်က စတင် လေ့ကျင့်ဆောင်ရွက်စေခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ တပ်မတော်ရဲ့ အဓိကကိုယ်လုံပညာရပ်အဖြစ် သတ်မှတ်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။ အခုအခါ မြန်မာ့သိုင်းပညာရပ်တွေကို တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတွေမှာ မသင်မနေရ လေ့ကျင့်သင်ကြားပေးနေပြီး မြန်မာ့သိုင်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော် အနေနဲ့ မြန်မာ့သိုင်းအဖွဲ့ချုပ်နဲ့ ဆက်လက်ပူးပေါင်းအားပေးကူညီ ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ တပ်မတော် အားကစားပြိုင်ပွဲတွေဟာ နိုင်ငံ့အားကစားကို အထောက်အကူဖြစ်ဖို့ လုပ်ဆောင်နေတာ ဖြစ်သလို မြန်မာ့သိုင်းပညာရပ်တွေကို လူငယ်တွေတတ်ကျွမ်းမှုကတဆင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တွေကို ဖြစ်ပေါ်စေနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။ အခု တပ်မတော် ကြည်း၊ ရေ၊ လေ အားကစားပြိုင်ပွဲမှာ မြန်မာ့သိုင်းပညာရပ်ကို အားကစားနည်း တခုအဖြစ် ထည့်သွင်း ယှဉ်ပြိုင်နိုင်ဖို့အတွက် မြန်မာ့သိုင်းအဖွဲ့ချုပ်က အကူအညီ ပေးတာတွေကို ကျေးဇူးတင်ကြောင်းပြောပြီး မြန်မာ့သိုင်းအဖွဲ့ချုပ်တာဝန်ရှိသူတွေကလည်း အခုလို နိုင်ငံတော်အဆင့် တပ်မတော်အကြီးအကဲတွေနဲ့ တွေ့ဆုံရတာဟာ ပထမဆုံးအကြိမ်ဖြစ်လို့ အများကြီး ဂုဏ်ယူ ဝမ်းမြောက်တယ်လို့ ပြောကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024