မြန်မာ့ရွှေဈေး မြင့်တက်နေ
အေးနိုင်
·
September 19, 2012
မြန်မာနိုင်ငံမှာ ရွှေဈေးတက်နေတက်တာ နိုင်ငံတကာမှာ ရွှေဈေးတက်လို့ တက်နေရတာဖြစ်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက်မှာ ၁ ကျပ်သားကို (၇ သိန်း ၈ သောင်းနဲ့ ၈ ထောင်)နဲ့ အရောင်းအ၀ယ်ဖြစ်တယ်လို့ အသင်းရဲ့အတွင်းရေးမှူး ဦးကြည်ဝင်းက ပြောပါတယ်။
ဒီနေ့ပေါက်ဈေး ရွှေဈေးတက်တာဟာ ဒီလဆန်းပိုင်းဈေးနှုန်းနဲ့ နှိုင်းစာရင် ၁ ကျပ်သားကို ကျပ်၂ သောင်း တက်သွားတယ်လို့ ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာာ ဒီနေ့ ၁ အောင်စကို ဒေါ်လာငွေ ၁၇၇၂ ဈေးပေါက်တယ် လို့ ပြောပါတယ်။ ရွှေဈေးတက်လို့ အမြတ်များတဲ့အတွက် ဆိုင်သမားတွေဆီ ကို ပြန်သွင်းတာများကြောင်း၊ အရောင်းအ၀ယ်ကတော့ ပုံမှန်ပဲလို့ ဆိုပါတယ်။
စက်တင်ဘာ ၁၉ ရက် မနက်ပိုင်း နယူးယော့ခ် ဈေးကွက်အဖွင့်မှာ အမြင့်ဆုံးကာရက်ဟာ ၁ အောင်စကို ၁၇၇၃ ဒဿမ ၉၅ ဒေါ်လာပေါက်ပြီး အနိမ့်ဆုံးကာရက်ဟာ ၁ အောင်စကို ၇၃၉ ဒဿမ ၇၄ ဒေါ်လာ ပေါက်ပါတယ်။
အစိုးရသစ်မတက်ခင် မနှစ် ဖေဖော်ဝါရီလက အခေါက်ရွှေ ၁ ကျပ်သားဈေးဟာ ၆ သိန်း ၃ သောင်းကျပ်ရှိရာက ၁ နှစ်အကြာ၊ ဒီနှစ် ဖေဖော်ဝါရီလဆန်းမှာ ၇ သိန်း ၃ သောင်းကျော်ထိ တက်ခဲ့ပါတယ်။ နောက်ထပ် ၉ လအကြာမှာ ၅ သောင်း ၈ ထောင် ထပ်တက်လာတာ ဖြစ်ပါတယ်။