Home
မြန်မာသတင်း
မွန်တွင် ၂၀၁၈ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် ၃၄၆ ဦး သေဆုံး၊ ၃ နှစ်အတွင်း အများဆုံးဖြစ်
DVB
·
January 27, 2019
မွန်ပြည်နယ် ၁၀ မြို့နယ်လုံးမှာ ၂၀၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၄၆ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၄၆၈ ဦးအထိရှိပြီး ၃ နှစ်အတွင်း သေဆုံးဒဏ်ရာရရှိမှု အများဆုံးပဲလို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ပြည်နယ်ရဲမှူး (ဦးစီး) ရဲမှူး မြင့်ဝင်းက “ယာဉ်တိုက်မှုက သထုံမှာ အများဆုံးဖြစ်နေတယ်၊ ဒုတိယက ကျိုက်ထိုပါ။ ပေါင်မြို့နယ်က တတိယအများဆုံးပါ။ သထုံမှာက ဘားအံဘက်လမ်းခွဲတွေနဲ့ ခရိုင်ချင်းဆက်လမ်းတွေလည်း ရှိတယ်။ ကျိုက်ထိုမှာကတော့ ဘုရားဖူးတွေများတာတွေ များတယ်။ အခုလည်း ယာဉ်အန္တရာယ်ကျဆင်းရေးအတွက် မွန်ပြည်နယ်အစိုးရကနေပြီး ရက် ၁၀၀ စီမံမှုအနေနဲ့ လင်းယုန်စီမံချက်ကို အကောင်အထည်ဖော်နေပါတယ်” လို့ ပြောပါတယ်။ မြို့နယ်အလိုက် ယာဉ်တိုက်မှုတွေက သထုံမြို့နယ်မှာ ၁၃၇ မှုနဲ့ ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားနေပါတယ်။ ကျိုက်ထိုမြို့နယ်မှာ ၁၃၄ မှု၊ ပေါင်မြို့နယ်မှာ ၁၂၈ မှု၊ မုဒုံမြို့နယ်မှာ ၁၁၁ မှု၊ မော်လမြိုင်မြို့နယ်မှာ ၁၀၀ မှု၊ ရေးမြို့နယ်မှာ ၆၆ မှု၊ ဘီးလင်းမြို့နယ်မှာ ၆၅ မှု၊ ကျိုက်မရောမြို့နယ်မှာ ၅၅ မှု၊ သံဖြူဇရပ်မြို့နယ်မှာ အမှု ၅၀ ဖြစ်ပွားခဲ့ပြီး ချောင်းဆုံမြို့နယ်မှာ၂၉ မှုနဲ့ အနည်းဆုံးဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ စာရင်းတွေအရ ယာဉ်တိုက်မှုပေါင်း ၈၇၅ မှုအနက် သေဆုံးသူ ၃၄၆ ဦး၊ ဒဏ်ရာရရှိသူ ၁၄၆၈ ဦးရှိပြီး ၂၀၁၇ ခုနှစ်မှာ ယာဉ်တိုက်မှု ၉၁၅ မှု၊ သေဆုံးသူ ၃၃၅ ဦး၊ ဒဏ်ရာရသူ ၁၅၉၂ ဦးနဲ့ ၂၀၁၆ ခုနှစ်မှာ ယာဉ်တိုက်မှု ၇၉၄ မှု၊ သေဆုံးသူ ၃၁၇ ဦး၊ ဒဏ်ရာရသူ ၁၃၂၈ ဦးသာ ရှိခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ်ဟာ သုံးနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ အများဆုံးဖြစ်နေတာပါ။ လက်ရှိမှာ မွန်ပြည်နယ်အစိုးရအနေနဲ့ ယာဉ်အန္တရာယ်တွေလျော့ကျစေရေးအတွက် ရက် ၁၀၀ ဆောင်ရွက်မှုဖြစ်တဲ့ လင်းယုန်စီမံချက်ကို ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၅ ရက်နေ့မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၆ ရက်တာကာလအတွင်းမှာ ယာဉ်မတော်တဆမှု ၁၄ မှုအနက် သေဆုံးသူ ၆ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၃ ဦးသာ ရှိခဲ့ပြီး အရင်က ၁ နှစ်ကို ပြည်သူအယောက် ၃၀၀-၄၀၀ လောက် သေဆုံးနေတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောကြားထားပါတယ်။ ယာဉ်အန္တရာယ်လျော့ကျရေးအတွက် ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် လမ်းမတွေပေါ်မှာ ရမ်းကားမောင်းနှင်သူတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေလည်း ကင်းစင်စေတဲ့အတွက် စီမံချက်ကို လက်ခံပေမယ့် ရပ်ကွက်အတွင်းမှာတောင် ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ဆိုပြီး ဒဏ်ကြေး သုံးသောင်းရိုက်နေတာဟာ မရှိဆင်းရဲသားတွေအတွက် အကြပ်တည်းဖြစ်စေပြီး တနေ့မှ ကျပ် ၄-၅ ထောင် ပဲရတဲ့ TAXI ဆိုင်ကယ်မောင်းနှင်သူတွေကိုလည်း စားဝတ်နေရေး ထိခိုက်စေတယ်လို့ သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်က ဆိုင်ကယ်အငှားယာဉ်မောင်း ကိုမောင်မောင်ဌေးက ပြောပါတယ်။ “ရှိတဲ့သူတွေအတွက်တော့ အဆင်ပြေတယ်။ မရှိတဲ့သူတွေအတွက်တော့ ကြပ်တည်းတာပေါ့။ စိတ်ညစ်ရတာပေါ့။ မြို့လယ်ခေါင်မှာ ဖမ်းတာတော့ဟုတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရပ်ကွက်ထဲ ဖမ်းတာမျိုးကျတော့ ဘယ်သူဖြစ်ဖြစ် ကိုယ့်ရပ်ကွက်ထဲမှာက အဆင်ပြေသလိုပဲ သွားမှာပဲလေ။” ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီ ၂၀ ရက်နေ့အထိ စာရင်းတွေအရ ဦးထုပ်မဆောင်းတာ၊ နောက်ကြည့်မှန်နဲ့ နံပါတ်ပြားမတပ်တာ၊ ယာဉ်မောင်းလိုင်စင်မရှိတာ၊ ခါးပတ်မပတ်တာ စတဲ့ စည်းကမ်းပျက်ယာဉ် ၂၆၂၅ စီးကို အရေးယူခဲ့တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ပေမယ့်လည်း လိုင်စင်မဲ့ယာဉ် ၇ စီးလောက်ပဲ အရေးယူခဲ့တာ၊ ရပ်ကွက်ရွာလမ်းတွေက ရာဘာအစေးခြစ်သူတွေကိုပါ ဖမ်းဆီးနေတာတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၈ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၅၁၈၄ ဦးအထိရှိပြီး ကချင်မှာ ၁၉၆ ဦး၊ ကယားမှာ ၄၇ ဦး၊ ကရင်မှာ ၁၅၃ ဦး၊ ချင်းမှာ ၄၇ ဦး၊ မွန်မှာ ၃၄၆ ဦး၊ ရခိုင်မှာ ၁၇၀ ဦး၊ ရှမ်းမှာ ၅၂၉ ဦး၊ မန္တလေးတိုင်းမှာ ၇၄၄ ဦး၊ ပဲခူးတိုင်းမှာ ၅၂၉ ဦး၊ ဧရာဝတီတိုင်းမှာ ၄၁၉ ဦး၊ မကွေးတိုင်းမှာ ၃၆၇ ဦး၊ စစ်ကိုင်းတိုင်းမှာ ၄၈၁ ဦး၊ တနင်္သာရီတိုင်းမှာ ၂၀၉ ဦး၊ နေပြည်တော်မှာ ၂၂၇ ဦး၊ အမြန်လမ်းမကြီးမှာ ၁၀၄ ဦး၊ အမှတ်(၁) နယ်ခြားစောင့်ဒေသမှာ ၁၇ ဦး သေဆုံးခဲ့ပြီး ရန်ကုန်တိုင်းမှာ ၅၉၉ ဦးနဲ့ အများဆုံးသေဆုံးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကတော့ မြန်မာတနိုင်ငံလုံးမှာ ယာဉ်တိုက်မှု ၁၈၁၇၁ မှုဖြစ်ပွားခဲ့ရာ ၅၂၅၀ ဦးသေဆုံးပြီး ၂၉၁၄၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024