မိုက်ကယ်ဂျက်ဆင်နဲ့ တူချင်လွန်းသူ

2.1K
အာဂျင်တီးနားအမျိုးသားတယောက်ဟာ ဂန္ထဝင်အနုပညာရှင် မိုက်ကယ်ဂျက်ဆင်နဲ့ တူချင်လွန်းလို့ ပြီးခဲ့တဲ့ ၇ နှစ်အတွင်း ဒေါ်လာ ၃၀၀၀၀ အကုန်အကျခံကာ ခွဲစိတ်ကုသမှုတွေ ခံယူခဲ့တယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။
လီယိုဘလန်ကိုဟာ မိုက်ကယ်ဂျက်ဆင်နဲ့ တူချင်တဲ့ ကမ္ဘာပေါ်ရှိ လူထောင်ပေါင်းများစွာထဲက တယောက် ဖြစ်ပေမယ့် သူက သူများနဲ့မတူတဲ့ ထူးခြားချက်တခုကိုတော့ ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒါကတော့ သူရုပ်ရည်ပါပဲ။
လီယိုရဲ့ မူရင်းပုံစံကိုက အဆိုတော်ကြီးနဲ့ ဆင်တူနေတာဖြစ်ပြီး ခွဲစိတ်ပြုပြင်မှုတွေ လုပ်လိုက်တဲ့အချိန်မှာတော့ သူဟာ သတင်းသမားတွေရဲ့ အာရုံစိုက်စရာ ဖြစ်လို့လာပါတယ်။
လီယိုဟာ သူကလေးဘဝကတည်းက မိုက်ကယ်ဂျက်ဆင်လို ဖြစ်ချင်ခဲ့တာဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်မှာပဲ ပထမဆုံးသော ခွဲစိတ်ကုသမှုကို ခံယူခဲ့ပါတယ်။ အခုအသက် ၂၂ နှစ်ရောက်ရှိလာချိန်မှာတော့ သူဟာ ခွဲစိတ်ကုသမှုပေါင်း ၁၁ ခုကို ခံယူခဲ့ပြီးပြီဖြစ်ပြီး နောက်ထပ်ခွဲစိတ်မှုတွေ ထပ်လုပ်ဖို့လည်း အစီစဉ်ရှိတယ်လို့ ပြောပါတယ်။
ဒေသတွင်းသတင်းတခုနဲ့ အင်တာဗျူးမှာ လီယိုက သူဟာ ခွဲစိတ်ကုသမှုတွေအတွက် ဒေါ်လာ ၃၀၀၀၀ အကုန်အကျခံခဲ့တယ်လို့ပြောခဲ့ပြီး နှာခေါင်း၊ မေးရိုးနဲ့ မေးစေ့တွေကို ခွဲစိတ်ခဲ့တယ်လို့ ပြောပါတယ်။
နဂိုရုပ်ခံအပြင် ခွဲစိတ်မှုတွေကြောင့် မိုက်ကယ်ဂျက်ဆင်နဲ့ ဆင်တူလာတဲ့ သူ့မှာ အမာခံပရိသတ်များစွာ ရှိနေပြီး လူမှုကွန်ရက်တွေမှာလည်း သူဟာ နာမည်ကျော်ဘဝကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဒါပေမယ့် လီယိုကတော့ အားမရသေးဘဲ သူလေးစားအားကျရတဲ့ အနုပညာရှင်နဲ့တူဖို့ နောက်ထပ် ခွဲစိတ်မှုတွေ ထပ်မံခံယူဦးမယ်လို့ ပြောပါတယ်။
“ကျနော့်ခန္ဓာကိုယ်၊ ကိုယ့်နော့်ရဲ့ စိတ်ကူးနဲ့ ကျနော့်ရဲ့ပိုက်ဆံတွေ အကုန်လုံးအသုံးပြု ပြီးတော့ ကမ္ဘာပေါ်မှာ မိုက်ကယ်နဲ့အတူဆုံး မိုက်ကယ့်ကိုယ်ပွားဖြစ်အောင် လုပ်သွားမှာပါ” လို့ သူကပြောပါတယ်။
လီယိုက သူ့ငယ်ဘဝအိမ်မက်ဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်နဲ့ တူရေးကို အထူးအလေးထား ဆောင်ရွက်နေပေမယ့် သူ့မိသားစုကတော့ ဒါကိုသဘောမကျပါဘူး။
လီယိုရဲ့ မိခင်ဖြစ်သူက “လီယိုဒီလိုခွဲစိတ်မှုတွေ ခဏခဏ လုပ်နေတဲ့အပေါ် စိုးရိမ်မိတယ်။ တခါတလေ သူ့ကိုကြည့်မိရင် ငါ့သားမှဟုတ်ကော ဟုတ်သေးရဲ့လားလို့ သံသယဝင်မိတယ်” လို့ ဝန်ခံထားပါတယ်။