Home
မြန်မာသတင်း
ရန်ကုန် လမ်းမီးတိုင်အားလုံး မီလင်းရေး ကျပ်သန်းပေါင်း ၃၀၀၀ ခန့် လိုဟု ၀န်ကြီးချုပ်ပြော
ပိုင်စိုး
·
January 26, 2019
ရန်ကုန်မြို့တော်မှာ လမ်းမီးတိုင်တွေအားလုံးလင်းဖို့အတွက် ငွေကျပ်သန်းပေါင်း ၃၀၀၀ လောက်လိုတယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ဒီနေ့ ကျင်းပနေတဲ့ ဘားကမ့် ရန်ကုန်မှာ ပြောကြားသွားတာပါ။ လမ်းမီးတွေ မလင်းတဲ့ကိစ္စကို တောင်ဒဂုံက မိန်းကလေးတယောက်က မေးမြန်းခဲ့တာ ဖြစ်ပြီး သူတို့ရပ်ကွက်ထဲက အဓိက လမ်းမကြီးမှာ လမ်းမီးတိုင်တွေဟာ အမြဲတမ်း မီးမလင်းခဲ့ဘဲ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲရှိတော့မှ မီးလင်းခဲ့တယ်လို့ပြောပါတယ်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျနော်တို့က ၃ ဘီလီယံ (ကျပ်သန်းပေါင်း ၃၀၀၀) လောက်လိုတယ်။ ရန်ကုန်ကို လမ်းမီးလင်းဖို့အတွက်။ အဲဒီမီလင်းဖို့အတွက် ၃ မဂ္ဂါဝပ်လိုတယ်။ အဲဒီဒုက္ခတွေကို မခံချင်လို့ အုပ်ချုပ်သူအဆက်ဆက်က အဲဒီကိစ္စကို သိပ်မကြိုးစားခဲ့ဘူး။ ကျနော်ကတော့ အဲဒီလိုပဲ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီးသုံးရင် မီးထုတ်ရမယ်။ လျှပ်စစ်က များများသုံးရင် များများရှုံး၊ အစိုးရက စိုက်နေရတယ်။ အခုတောင် တနိုင်ငံလုံးထုတ်နိုင်တဲ့ လျှပ်စစ် မဂ္ဂါဝပ် ၃၀၀၀ ကျော်ရဲ့ တဝက်ကို ရန်ကုန်က သုံးနေတာ” လို့ ပြောပါတယ်။ ပြီးတော့ အရင်က လမ်းမီးလင်းရေးအတွက် ဌာန ၂ ခုက ကိုင်တွယ်ခဲ့လို့ အခက်အခဲရှိနေခဲ့တာကို အခုတော့ ဌာနတခုတည်းကိုပဲ ဆောင်ရွက်ခိုင်းထားတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ “မီးတိုင်တွေအားလုံးကို လျှပ်စစ်က ကိုင်တယ်။ အဲဒီက မီးလုံးတွေ အားလုံးကို YCDC (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ)က ကိုင်တယ်။ အဲဒီတော့ မီးကြိုးမကောင်းဘူး ဆိုရင် လျှပ်စစ်နဲ့ ဆိုင်တယ်။ မီးလုံးမကောင်းဘူးဆိုရင် YCDC နဲ့ ဆိုင်တယ်။ အဲဒီတော့ YCDC က မကိုင်နဲ့တော့။ YCDC က ပိုက်ဆံကောက်ပြီးတော့ ပေးဆိုတော့ ဒီနှစ်မှာ ၁ ဘီလီယံ ကျော်ကျော် (သန်း ၁ ထောင်ကျော်) YESC (ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း) ကို ပေးလိုက်တယ်” လို့ ပြောပါတယ်။ လောလောဆယ်မှာ စည်ပင်က ကောက်ခံလို့ရတာ သန်း၁ ထောင်ကျော်ရှိတာကြောင့် လာမယ့် ဘတ်ဂျက်မှာ သန်း ၂ ထောင်ရနိုင်ရင်တော့ မီးလင်းအောင် လုပ်လို့ရမယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဒဂုံမြို့သစ် ၄ မြို့နယ်နဲ့ လှိုင်သာယာ၊ ရွှေပြည်သာတို့မှာ လမ်းမကြီးတွေမှာတောင် လမ်းမီး လုံလုံလောက်လောက် မရှိတာ တွေ့ရတယ်လို့လည်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ သူတို့အစိုးရအဖြစ် တာဝန်ယူတဲ့ကာလမှာ ရန်ကုန်တိုင်းကနေ အရင်ကထက် အခွန်ငွေ ဘီလီယံ ၂၀၀ ကျော် (သန်းပေါင်း ၂ သိန်းကျော်) ရလာခဲ့တယ်လို့လည်း သူက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024