Home
မြန်မာသတင်း
နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ညောင်ဝန်းရှေးဟောင်းကျောင်းကြီးကို ပြုပြင်နေ
DVB
·
January 26, 2019
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ညောင်ဝန်းကျေးရွာမှာ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိတဲ့ ရှေးဟောင်းကျောင်းကို ပြန်လည်ပြုပြင်နေပြီး ရှေးဟောင်းအသုံးဆောင်ပစ္စည်းတွေကို စိတ်ဝင်စားတဲ့ အများပြည်သူတွေ လာရောက်လေ့လာနိုင်ဖို့ ဒေသန္တရပြခန်းသဖွယ် ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ညောင်ဝန်းရှေးဟောင်းကျောင်းဟာ မင်းကြီးမဟာမင်းခေါင်သင်္ခယာဘွဲ့ ညောင်ဝန်း ဝန်ထောက်မင်း ဦးဖိုးအိုနဲ့ ဇနီး ဒေါ်မွေးအုံတို့က မြန်မာသက္ကရာဇ် ၁၂၃၁ ခုနှစ် တပေါင်းလဆန်း ၃ ရက်နေ့မှာ ဆောက်လုပ်လှူဒါန်းခဲ့တဲ့ နှစ်ဆောင်ပြိုင် ပျဉ်ထောင်ကျောင်းဆောင်ကြီး ဖြစ်ပါတယ်။ "ခေတ်အဆက်ဆက်က ဒီတိုင်းထားခဲ့တာကြာပြီ။ မပြုပြင်ရင် အကုန်ပျက်စီးကုန်မှာပါ။ ဒါဟာ သမိုင်းအမွေနှစ်ပါ။ လက်ရှိမှာတော့ ရှေးကျောင်းဆောင်တခုလုံးကို ပထမရေဆေးပြီး ရေနံချေးသုတ်ထားလိုက်တယ်။ နောက်ပြီး ကျောင်းအောက်က နှစ်ပေါင်းများစွာ မို့မောက်နေတဲ့ မြေသားတွေကို ပြန်ဖယ်ရှားတယ်။ နောက်ထပ်ဆက်လုပ်ရမှာက ကျောင်းပေါ်က အသားကြမ်းပြင်တွေပေါ့၊ နှစ်ပေါင်းများစွာကြာတော့ ဆွေးနေတာတွေရှိတယ်။ ဒါတွေလည်း ပြုပြင်ရဦးမယ်။ ရှေးဟောင်းပစ္စည်းတွေနဲ့ပတ်သက်လို့ကတော့ ပတ်ဝန်းကျင်ကျေးရွာတွေကလည်း လာလှူကြတယ်။ ရှေးဟောင်း အသုံးဆောင်ပစ္စည်းတွေနဲ့ ရှေးဟောင်းပေစာ၊ ပရပိုက်စာ စတဲ့ ပစ္စည်းတွေပါဝင်မယ်။ ဒါတွေကို ခရီးသွားစိတ်ဝင်စားသူတွေနဲ့ နောင်လာနောက်သား အများပြည်သူတွေ လေ့လာနိုင်အောင် ဒေသန္တရပြခန်းအဖြစ် ပြသသွားမှာပါ" လို့ ကျောင်းဆောင်ကို ဦးဆောင်ထိန်းသိမ်းပြုပြင်နေတဲ့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။ ဒါ့အပြင် ယခုရှေးဟောင်းကျောင်းအတွင်း ပြသသွားမယ့် ပစ္စည်းတွေထဲမှာ ကနီမြို့နယ်အတွင်းရှိ ရှေးခေတ်က ထင်ရှားကျော်ကြားခဲ့တဲ့ တခြား ဆရာတော်ကြီးတွေပြုစုခဲ့တဲ့ ပေ၊ ပရပိုက်တွေနဲ့ မှတ်တမ်းဝင်ပစ္စည်းတွေ ပါဝင်နိုင်အောင်လည်း လိုက်လံအလှူခံ စုဆောင်းနေတယ်လို့ သိရပါတယ်။ ညောင်ဝန်းရှေးဟောင်းကျောင်းကြီးအတွင်းမှာတော့ ဘုရားခန်း၊ ဆွမ်းစားခန်း၊ နှစ်ဆောင်ပြိုင် ရေတံလျှောက်ကြားခန်း၊ ကြက်သရေခန်း၊ စတိုခန်း၊ စာကြည့်အိပ်ခန်း ဆိုပြီး အခန်းပေါင်း ၆ ခန်း ပါဝင်ပြီး ကျွန်းအသားတိုင်ပေါင်း ၅၆ တိုင် ရှိပါတယ်။ အခုနှစ် မတ်လ ၈ ရက်နေ့မှာတော့ ညောင်ဝန်းရှေးကျောင်းတော် နှစ် ၁၅၀ ပြည့် အထိမ်းမှတ်ပွဲ ကျင်းပသွားမှာဖြစ်ပြီး ယခင်က ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ညောင်ဝန်းကျောင်းဆောင်ကြီးရဲ့အလှူရှင် ကွယ်လွန်သူ မင်းကြီးမဟာမင်းခေါင်သင်္ခယာနဲ့ ဇနီးဖြစ်သူတို့ အပါအ၀င် အမျိုးနွယ်တော်တွေကို ရည်စူးလှူဒါန်းပြီး အမျှတန်းတွေလည်း ပေးဝေသွားမယ်လို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024