မန်ယူက အာဆင်နယ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဒီနေ့မနက်အစောပိုင်း ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး အာဆင်နယ်က ၄-၂-၃-၁ ကစားကွက်၊ မန်ယူအသင်းကတော့ ၄-၃-၃ နဲ့ ကစားခဲ့ကြတာဖြစ်ပါတယ်။ အသင်းကြီး ၂ သင်း တွေ့ဆုံခဲ့တာမို့ ပွဲက ကြည့်ကောင်းခဲ့ပြီး မန်ယူအသင်းအတွက် အနိုင်ဂိုးတွေကို ပထပိုင်း ပွဲချိန် ၃၁ နဲ့ ၃၃ မိနစ်တွေမှာ ဆန်းချက်နဲ့ လင်ဂတ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် ချေပဂိုးကိုတော့ ပထမပိုင်း ပွဲချိန်ပြီးဆုံးခါနီး ၄၃ မိနစ်မှာ အူဘာမီရန်းက သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ မန်ယူအသင်းအတွက် တတိယမြောက် အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ၈၂ မိနစ်မှာ ပေါ့ဘာကန်သွင်းချက်ကို အာဆင်နယ် ဂိုးသမား ပီတာချက် ဖမ်းယူရာမှာ ပြန်အန်ထွက်လာလို့ မာရှယ်က သွင်းယူခဲ့တာပါ။ နည်းပြသစ် ဆိုးရှားလ်လက်ထက်မှာ မန်ယူအသင်းဟာ ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိနေပြီး အခုအက်ဖ်အေဖလားပွဲအပါအ၀င် ၈ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ရာသီကုန်အထိပဲ စာချုပ် ချုပ်ထားပြီး အမြဲတမ်းနည်းပြရာထူး ခန့်အပ်ပေးဖို့ ကစားသမားတွေက လိုလားနေကြတယ်လို့ သိရပါတယ်။ ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား အခြားပွဲစဉ်တခုမှာတော့ ဘရစ်စတိုးအသင်းက ဘော်တန်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up