Home
မြန်မာသတင်း
လူငယ်ကျောင်းဆရာများ အလုပ်မထွက်စေချင်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
January 25, 2019
မြန်မာနိုင်ငံမှာ ကျောင်းဆရာတွေအများကြီး လိုအပ်နေတဲ့အတွက် လူငယ်ကျောင်း ဆရာတွေကို အလုပ်မထွက်စေချင်ဘူးလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွားအုပ်စု၊ အ.မ.က မူလွန်ကျောင်းကို အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အဖွဲ့က ဇန်နဝါရီ ၂၅ ရက်နေ့က လာရောက်စဉ် ပြောကြားခဲ့တာလို့ ကျောင်းအုပ်ဆရာကြီး ဦးရန်နိုင်စိုးက ပြောပါတယ်။ “ဒီဘက်ခေတ်လူငယ်တွေအနေနဲ့ ကျောင်းဆရာအလုပ်ကို လစာကြောင့်ဖြစ်ဖြစ်၊ တခြား အကြောင်းကြောင့်ဖြစ်ဖြစ် စိတ်ဝင်စားမှု အားနည်းလာတယ်။ အခုဒီမိုကရေစီခေတ်မှာ နိုင်ငံတော်အတိုင်ပင်ခံက ကျောင်းဆရာတွေအများကြီး လိုအပ်လာတဲ့အတွက် ဆရာနဲ့ဆရာမ အင်အားညီမျှမှသာ ပညာရေးလောက တရှိန်ထိုး တိုးတက်လာနိုင်မယ်ဆိုတာတွေ ပြောဆိုလာတဲ့အတွက် အခုဆိုတက္ကသိုလ်တွေနဲ့ ကောလိပ်တွေမှာ ဆရာနဲ့ဆရာမအင်အား မျှလာတယ်။ ကျနော်တို့ကျောင်းကို လှည့်ပတ်ကြည့်တယ်။ ကလေးတွေသင်ကြားရေးနဲ့ ပတ်သက်ပြီး တိုးတက်မှုရှိ မရှိနဲ့ ကလေးတွေရဲ့ လိုအပ်ချက်၊ ကျောင်းရဲ့လိုအပ်ချက်တွေကို ပြောဆိုသွားတယ်။ ကျနော့်ကိုလည်း ပျော်အောင်နေဖို့နဲ့ ကျောင်းဆရာအလုပ်က မထွက်ဖို့မှာ သွားပါတယ်” ပြောပါတယ်။ မှော်ဘီမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးသန်းအောင်က “နိုင်ငံတော်အကြီးအကဲ တယောက်အနေနဲ့ အောက်ခြေ ပညာရေးလောကကို သူများစာတင်ပြီး ပြောဆိုတာထက် အခုလို ကိုယ်တိုင်ဆင်းကြည့်တော့ ပိုကောင်းတာပေါ့။ ဗြုန်းစားကြီး ဆင်းကြည့်တော့ ဘာမှ ကြိုတင်ပြင်ဆင်ချိန် မရှိတဲ့အတွက် ကလေးတွေရဲ့အခက်အခဲတွေ အတွက်ကောင်းပါတယ်။ အခုလို နိုင်ငံအကြီးအကဲတယောက်အနေနဲ့ အခြေခံတွေကို အခုလို ဆင်းကြည့်တဲ့အတွက် ဝမ်းသာတယ်” လို့ ပြောပါတယ်။ မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာကို ဒီမနက်ပိုင်းက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်းတိုင်း ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ လာရောက်ခဲ့တာပါ။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024