မစ်ဒယ်ဘရော့ကို တန်းတက်နိုင်အောင် ကူညီမည်ဟု ကွင်းလယ်လူသစ် မီခေးလ် ပြော

မစ်ဒယ်ဘရော့အသင်းကို တန်းတက်နိုင်အောင် ကူညီပေးသွားမယ်လို့ ကွင်းလယ်ကစားသမားသစ် အိုဘီ မီခေးလ်က ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီး ကွင်းလယ်ကစားသမားဟောင်း အိုဘီမီခေးလ်ဟာ တရုတ်ကလပ် တီယန်ကျင်း အသင်းကနေ ၆ လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်ရှိ နိုင်ဂျီးရီးယား ကွင်းလယ်လူ မီခေးလ်ဟာ ၂၀၁၇ ခုနှစ်က ချဲလ်ဆီးကနေ ထွက်ခွာပြီးနောက် တရုတ်ကလပ် တီယန်ကျင်းအသင်းဆီကို အပြီးသတ် ပြောင်းရွှေ့ခဲ့တာပါ။ အဲဒီမှာ နှစ်ရာသီ ကစားအပြီး အင်္ဂလန်မြေကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ မစ်ဒယ်ဘရော့အသင်းက တန်းတက်ဖို့ ရည်မှန်းကြိုးစားနေတဲ့ အသင်းဖြစ်ပြီး  အသင်းနည်းပြ တိုနီပူးလစ်နဲ့လည်း အဆင်ပြေတာကြောင့် ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ မီခေးလ်က ပြောပါတယ်။ မစ်ဒယ်ဘရော့နည်းပြ တိုနီပူးလစ်ကလည်း မီခေးလ်လို အရည်အသွေးရှိပြီး အတွေ့အကြုံလည်းရှိတဲ့ ကစားသမားတဦးကို ခေါ်ယူနိုင်ခဲ့လို့ ကျေနပ်မိပြီး အောင်မြင်မှုရဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ မီခေးလ်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ပွဲပေါင်း ၃၇၄ ပွဲ ကစားခဲ့ပြီး တီယန်ကျင်းအသင်းမှာ ၃၁ ပွဲကစားပြီး ၃ ဂိုး သွင်းယူခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up