Home
မြန်မာသတင်း
ဘိုကလေးမြို့တွင် လမ်းဘေးဈေးသည်များကို ရှင်းလင်းဖယ်ရှား
နော်နိုရင်း
·
January 25, 2019
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မှာ စည်ပင်မြေကျူးကျော်တယ်လို့ဆိုပြီး လမ်းဘေးဈေးသည်တွေကို ဇန်န၀ါရီ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ရှင်းလင်းဖယ်ရှားဖို့  အာဏာပိုင်တွေက လုပ်ဆောင်နေပါတယ်။ မြို့နယ်အတွင်း ယာဉ်သွားလာရပ်နားမှုတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ ကျူးကျော်မှုတွေ၊ မြို့သန့်ရှင်းသာယာလှပေးရေကို ထိခိုက်စေတဲ့ ကျူးကျော်တွေ၊ ရေစီးရေလာနဲ့ လူသွားလမ်း ပလက်ဖောင်းကို ပိတ်ဆို့စေမယ့် ကျူးကျော်မှုတွေကို ဖယ်ရှားပေးဖို့ ဧရာဝတီတိုင်းအစိုးရကနေတဆင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွေကို ညွန်ကြားထားပါတယ်။ ပထမဦးစားပေးအနေနဲ့ မြို့နယ်အတွင်း ယာဉ်သွားလာရပ်နားမှုတွေကို အနှောင့် အယှက်ဖြစ်စေတဲ့ ကျူးကျော်မှုတွေကို မြို့နယ်စည်ပင်သာယာမြေကျူးကျော်မှု စိစစ်ရေးအဖွဲ့က ဇန်န၀ါရီ ၁၄ ရက်က နို့တစ်စာထုတ်ပြီး ၂၄ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့  အကြောင်းကြား စာပေးပို့ခဲ့ပါတယ်။ ဖျက်သိမ်းမပေးရင် ဥပဒေအရအရေးယူဆောင်ရွက်မယ်လို့လည်း နို့တစ်စာမှာပါရှိပါတယ်။  ခုလိုလမ်းဘေးဈေးသည်တွေ ဖယ်ရှားခိုင်းနေပေမယ့် ရောင်းချစရာမြေနေရာ စီစဉ်ပေးတာမရှိလို့  မိသားစုစားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာနိုင်တယ်လို့ ဘိုကလေးမြို့ လမ်းဘေး ကွမ်းယာရောင်းချသူ ဒေါ်သူဇာက ပြောပါတယ်။ “ဒီနေရာကို ဖယ်ရှားမယ်ဆိုရင် ကျမတို့အတွက်က စားဝတ်နေရေးတွေ၊ ကျမတို့နောက်မှာ မီခိုနေတဲ့ မိသားစုတွေ၊ ကျောင်းသားတွေရှိတယ်။ ဒိအပြင်လုပ်ငန်းလည်းမရှိဘူး။ ဒီဟာတခုထဲပဲ ရပ်တည်နေရတာ။  သူတို့က ဖယ်ရှားပေးဖို့ပဲပြောတာ။ ပြန်လည်နေရာချထားပေးဖို့ ဆိုတာ မပြောဘူးရှင့်။ ဖယ်ရှားပေးပါမယ်ဆိုတဲ့ လက်မှတ်ထိုးပေးရတယ်။ လမ်းသွယ်တွေကော ကျမတို့က ၀င်တိုးစရာ နေရာကို မရှိသလောက်ကိုဖြစ်နေတာ။ ” အလားတူ စက်ဘီးပြင်ဆိုင်ဖွင့်ထားတဲ့ ဦးဇော်မင်းဦး (ခေါ်) အကြီးကောင်ကလည်း အခုလို ဖယ်ရှားပေးရမယ်ဆိုပါက မိသားစုအတွက် အခက်အခဲတွေဖြစ်ပေါ် နိုင်တယ်လို့ပြောပါတယ်။ “ကျနော်တို့က ဘယ်မှာမှလည်း ပြောင်းစရာမရှိပါဘူး။ အခုဟာက သူတို့လုပ်တဲ့ ပုံစံက ငတ်မယ့် ပုံစံဖြစ်နေပြီ။ ဒီရက်ပိုင်းမှာ မဖျက်ရင် သူက ဒဏ်ငွေလည်းရိုက်မယ်ပြောတယ်လေ။  ဒဏ်ငွေ ငါးသောင်းရိုက်မယ်လို့ပြောတယ်။ ဆိုတော့ ကျနော့်မှာလည်းမိသားစုရှိတာပေါ့။ ဆိုင်ပိတ်ပြီးတော့ ဖျက်ရမယ်ဆိုတော့ ဘာမှလည်း လုပ်လို့မရတော့ဘူး။ ကျနော့်မှာလည်း ၁၀ တန်းကျောင်းသားနဲ့ ကျန်တဲ့အငယ်ကလေးတွေလည်းရှိတာကို ဆိုတော့ မိသားစုစားဝတ်နေရေး အခက်အခက်ပါ ဖြစ်လာနိုင်တာပေါ့။ ဘိုကလေးမြို့ လူ့အခွင့်အရေး ကာကွယ်မြှင့်သူများ ကွန်ရက် (HRDP) အဖွဲ့ဝင် ဦးဘန်ဂူးကတော့ ဈေးသည်တွေဟာ စည်ပင်မြေကို ကျူးကျော်တာမှန်ပေမယ့် လမ်းဘေးဈေးသည် အခက်အခဲဖြစ်စေတဲ့အတွက် စနစ်တကျနဲ့ ရောင်းချခိုင်းစေချင်တယ်လို့ ပြောပါတယ် “ သူတို့က စည်ပင်သာယာမြေ ကျူးကျော်မှု စိစစ်ရေးကော်မီတီကနေပြီးတော့ ဒီဟာတွေ တိုးတိုးလာလို့ ဖယ်ရှားခိုင်းတဲ့သဘောပေါ့။ ဒါက ဥပဒေအရ မှန်တယ်လေ။ ဒါပေမယ့်  မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက အကုန်လုံးက ချမ်းသာနေကြတာမှမဟုတ်ဘဲ။ ကာလ တောက်လျှောက်က အဖိနှိပ်ခံဘ၀ကနေ အခုလည်းထပ်ပြီးတော့ ဒီလမ်းဘေးဈေးသည်တွေ စနစ်တကျ ရောင်းချဆောင်ရွက်ခိုင်းရင် မဆိုးဘူးပေါ့နော်။ အခုက လုံးလုံးဖယ်ရှားခိုင်းတဲ့ သဘောမျိုးသက်ရောက်နေတာတွေ့ရတာပေါ့။ လမ်းဘေးဈေးသည်တွေကလည်း အခက်အ ခဲတွေဖြစ်။ ရန်ကုန်ပဲ အလုပ်သွားရှာရတော့မလိုလို ဘာလုပ်ရမှန်းမသိဖြစ်နေကြတာပေါ့။ ” ဘိုကလေးမြို့ တမြို့လုံးမှာ လမ်းဘေးဈေးပေါင်း ၁၅၀၀ လောက်က ဈေးရောင်းပြီး အသက်မွေးဝမ်းကြောင်း နေကြတာဖြစ်ပါတယ်။ ဒီလိုလမ်းဘေးဈေးဆိုင်ကို ဖယ်ရှားခိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မိသားစု တွေ စာဝတ်နေရေးအခက်အခဲ ပေါ်လာနိုင်တဲ့အတွက်  ကူညီဆောင်ရွက်ပေးဖို့ ဈေးသည်တွေက ဇန်န၀ါရီ ၁၈ ရက်က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ တင်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024