Home
မြန်မာသတင်း
တပ်သိမ်းမြေများပြန်ရရှိရေး တိုက်ကြီးဒေသခံတောင်သူများ တောင်းဆို
DVB
·
January 24, 2019
ရန်ကုန် တိုက်ကြီးမြို့နယ်ထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်လောက်ကတည်းက  တပ်မတော်က သိမ်းဆည်းထားခဲ့တဲ့ လယ်မြေတွေကို ပြန်လည်ရရှိဖို့ ဒေသခံ မြေသိမ်းခံ တောင်သူတွေက တောင်းဆိုလိုက်ပါတယ်။ တပ်သိမ်းမြေတွေကို ၂၀၁၃ ခုနှစ်ကစတင်ပြီး ပြန်လည်ရရှိရေးအတွက် တောင်သူတွေ သက်ဆိုင်ရာကို စာတင်တောင်းဆိုထားပေမယ့် ခုချိန်ထိ လုပ်ဆောင်ပေးခြင်းမရှိတဲ့အတွက်  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တောင်းဆိုလိုက်တာပါ။ တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုရပ်ကွက်၊ ရှမ်းစုရပ်ကွက်၊ ညောင်လေးပင်အပိုင်၊ ဆင်စခန်းကျေးရွာ အုပ်စုအပိုင်ရှိ မြေဧက ၁၈၀၀ ကို ဒေသအခြေစိုက် တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေဖြစ်တဲ့ ၇၀၇၊ ၇၀၈၊ ၇၁၀ နဲ့ မ.ဆ.ရ (၁၄)ဆေးတပ်ရင်းတို့က ၁၉၉၃-၉၄ခုနှစ်မှာ စတင်သိမ်းယူခဲ့တာလို့  ဒေသခံတောင်သူတွေက ဆိုပါတယ်။ စဥ့်ကူးကျေးရွာ မြေသိမ်းခံတောင်သူ ဦးခင်အောင်က “၁၉၉၃-၉၄ခုနှစ်မှာ မြေတွေသိမ်းတယ်။ သိမ်းတဲ့အချိန်မှာ တောင်သူတွေစိုက်ပျိုးထားတဲ့ သီးနှံတွေပါ အကုန်ပါသွားတယ်။ အဲအချိန်က စစ်တပ်အုပ်ချူပ်တဲ့အချိန်ဆိုတော့ ဘာမှာမပြောရဲဘူး။ ၂၀၁၃ ခုနှစ်မှာ ကျနော်တို့တောင်သူတွေ အသိမ်းခံထားရတဲ့ မြေတွေပြန်ရရေးကို ရပ်/ကျေးအဆင့်ကနေ ဝန်ကြီးဌာနအဆင့်အထိ စာတင်တောင်းဆိုတယ်။ ၂၀၁၆ ခုနှစ်မှာရန်ကုန် တိုင်းအစိုးရအဖွဲ့ကနေ မြေသိမ်းခံရတဲ့ တောင်သူတွေ အထောက်အထားစုံစုံလင်လင်နဲ့ ပြန်တင်ပေးပါဆိုပြီးတော့ ကျနော်တို့ဆီကို စာရောက်လာတယ်။ ကျနော်တို့ တောင်သူတွေလည်း အထောက်အထားအစုံနဲ့ စာပြန်တင်ပေးတယ်။ ၂၀၁၇ ခုနှစ်မှာ ကျေးရွာအုပ်ချူပ်ရေးမှူးနဲ့ အဖွဲ့တွေခေါ်စစ်တယ်။ နောက်မြို့နယ်ကနှစ်ခါခေါ်စစ်တယ်။ ခုချိန်ထိတော့ ဘာမှာမထူးခြားဘူး။ အခုစစ်တပ်က သိမ်းထားတဲ့မြေတွေကို အခကြေးငွေနဲ့ အငှားချစားတာတွေ၊ လုပ်ငန်းရှင်တွေကိုငှားပြီး အုတ်ဖုတ်တာတွေ လုပ်ကိုင်နေတယ်” လို့ပြောပါတယ်။ မြေသိမ်းခံရတာတွေနဲ့ ပတ်သက်ပြီး မြို့နယ်ထဲမှာ တောင်သူတွေ တင်ပြလာတာတွေကို အကုန်စိစစ်နေပြီး နိုင်ငံတော်သမ္မတ ချမှတ်ထားတဲ့ မူဝါဒအတိုင်း လုပ်ဆောင်နေတယ်လို့ တိုက်ကြီးမြို့နယ် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ ဒုဦးစီးအရာရှိ ဦးအောင်ကျော်က ပြောပါတယ်။ “မြေသိမ်းခံရတာတွေနဲ့ ပတ်သက်ပြီးမြို့နယ်မှာ တောင်သူတွေ တင်ပြလာတာတွေကို အကုန်စိစစ်နေပါတယ်။ စိစစ်တဲ့နေရာမှာ အပိုင်းသုံးပိုင်းခွဲပြီး လုပ်ဆောင်ရတယ်။ နိုင်ငံတော်သမ္မတ ချမှတ်ထားတဲ့ မူဝါဒ ၅၂ ချက်နဲ့အညီ ဆောင်ရွက်ထားပါတယ်။ တပ်သိမ်းမြေနဲ့ ပတ်သက်ပြီးမူဝါဒ (၃)ချက်ရှိတယ်။ သိမ်းထားတဲ့မြေနဲ့ပတ်သက်ပြီး ကိုက်ညီမှုရှိမရှိကို တောင်သူတွေဘက်ရော စစ်တပ်ဘက်ကိုပါ ကွင်းဆင်းကြည့်တယ်။ ခေါ်ယူတွေ့ဆုံတာတွေ ရှိပါတယ်။ တောင်သူတွေက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအထိ စာတင်ထားတာ ဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ စိစစ်တွေရှိတာတွေကို တိုင်း/ခရိုင်အဆင့်ထိ တင်ပြထားပါတယ်” သိမ်းဆည်းခံမြေယာတွေနဲ့ ပတ်သက်ပြီး ခေါ်ယူစစ်ဆေးတာတွေ လုပ်ဆောင်နေတဲ့ အတွက် အချိန်တခုအထိ စောင့်ပေးမှာဖြစ်ပြီး ထူးခြားတာတွေ မရှိဘူးဆိုရင် စုပေါင်းဆန္ဒပြဖို့ တောင်သူတွေက အစီအစဉ်ရှိပါတယ်။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024