စမ်းချောင်း မီးလောင်မှု ၃ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
January 24, 2019
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်မှာ မီးလောင်မှုကြောင့် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၃ ရက်နေ့ ညနေ ၅ နာရီခွဲ့ စမ်းချောင်းမြို့နယ်၊ လင်းလွန်း/ တောင်ရပ်ကွက်ရှိ ဦးမင်းမင်း (၄၄)နှစ် စမ်း/တောင်ရပ်ကွက်နေသူရဲ့ "ငွေတောင်" လက်ဖက်ရည် ဆိုင်ဖွင့်ထားတဲ့ နှစ်ထပ်သစ်သားအိမ်မှာ လက်ဖက်ရည်ဖျော်ဆရာ အောင်သူ (၂၅) နှစ် (စိစစ်ဆဲ) မှ လက်ဖက်ရည်ကျိုနေစဉ် ဂတ်စ်အိုးခလုတ်ဖွင့်ပြီး ပိုက်ခေါင်းအား လက်နဲ့ လှည့်ရာမှ မီးစတင်လောင်ကျွမ်းပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်ရဲ့ဝဲဘက်ရှိ ၆ ထပ်တိုက် အပေါ်ဆုံးထပ် ၂ ခန်းကို မီးကူးစက်လောင်ကျွမ်းခဲ့ရာ နှစ်ထပ်သစ်သားအိမ် ၁ လုံး၊ တိုက်ခန်း ၂ ခန်းတို့ မီးလောင်ဆုံးရှုံးခဲ့ကာ ည ၆ နာရီမှာ မီးငြိမ်းသွားခဲ့ပါတယ်။
မီးလောင်မှုကြောင့် လက်ဖက်ရည် ဆိုင်ပိုင်ရှင်ရဲ့ ယောက္ခမ ဦးမြခိုင် (၇၄) နှစ်၊ ခယ်မ မစိုးစိုး (၃၈) နှစ်နဲ့ အောင်သူတို့ ၃ ဦး မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။
သိန်းဇော် (၂၉) နှစ် လက်ဖက်ရည်ဖျော်ဆရာအကူပါ ကျား ၂ ဦး တို့ ဝဲ/ယာ ခြေကျင်းဝတ် အဆစ်လည် မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့လို့ အင်းစိန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။
အောင်သူ (သေဆုံး) အား စမ်းချောင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၈၆ (ပေါ့လျော့မှုကြောင့် လူသေမှု/ပေါက်ကွဲစေတတ်သော ပစ္စည်းအား ပေါ့လျော့စွာ အသုံးပြုမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။