Home
မြန်မာသတင်း
မြန်မာပြည်မှာ လိုအပ်နေတဲ့အရာ
DVB
·
September 17, 2012
မကြာခင်က သွားခဲ့တဲ့ ကျနော့်ရဲ့ ခရီးမှာ မွန်ဂိုးလီယားကနေ ဒုတိယခရီး တထောက် ကတော့ မြန်မာပြည်ဖြစ်ပါတယ်။ (အူလန်ဘာတောကနေ နေပြည်တော်ကို သွားရတဲ့ ခရီးစဉ်က မလွယ်ပါဘူး)၊ Johns Hopkins  တက္ကသိုလ်၊ အဆင့်မြင့် နိုင်ငံတကာ လေ့လာရေးဌာန (SAIS) က ကျနော်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း (Roger Leeds) နဲ့ ကျနော်တို့ ၂ ယောက် မြန်မာပြည်မှာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေး ရက်တိုသင်တန်းလေးတခု ပေးခဲ့ပါတယ်။ [caption id="attachment_30996" align="alignleft" width="263" caption="နိုင်ငံရေးနှင့် ဖွံ့ဖြိုးရေးပညာရှင် ဖရန့်စစ်ဖူကူယားမား"][/caption] ဖွံ့ဖြိုးရေးဆိုင်ရာ ခေါင်းဆောင်မှုအကယ်ဒမီ (Leadership Academy for Development) လို့ ကြီးကျယ်တဲ့ ခေါင်းစဉ်အောက်မှာ ကျနော်တို့ ၂ ယောက် ပူးတွဲရေးဆွဲထားတဲ့ သင်ရိုး ညွှန်းတမ်းကတော့  Harvard Business School  (HBS) က  သင်ရိုးတွေကို အခြေခံထားပါတယ်။ အစိုးရ ကဏ္ဍကို ပြုပြင်ပြောင်းလဲရင်း ပုဂ္ဂလိက ကဏ္ဍကို ဖွံ့ဖြိုးလာအောင် လုပ်တဲ့ နည်းလမ်းတွေထဲမှာ အစိုးရအခန်းကဏ္ဍ မပါတဲ့နည်းလမ်းရော၊ စီးပွားရေးလုပ်ငန်းတွေမှာ အစိုးရက ၀င်ရောက် ကူညီတဲ့ နည်းလမ်းတွေပါ ထည့်သွင်းရေးဆွဲထားပါတယ်။ အဓိက ရည်ရွယ်တာကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အစိုးရကဏ္ဍတွေထဲမှာ အဂတိလိုက်စားမှုတွေနဲ့ အလုံးစုံ ပျက်စီးကိန်း ဆိုက်နိုင်လောက်တဲ့ အသက်အရွယ်မတိုင်သေးတဲ့ တချိန်ချိန်ကျရင် ပြုပြင်ပြောင်းလဲရေးသမားတွေ ဖြစ်လာနိုင်တဲ့ လူငယ် အလယ် အလတ် တန်းစား ခေါင်းဆောင်တွေ အတွက် ရည်ရွယ်ပါတယ်။ ရန်ကုန်မှာတော့ လူထုအခြေပြု အဖွဲ့အစည်းတွေက လှုပ်ရှားတက်ကြွသူတွေနဲ့ လွှတ်တော်အမတ်တချို့ကို အကျဉ်းရုံးပြီး သင်တန်းပို့ချခဲ့ပါတယ်။ နေပြည်တော်မှာတော့ အစိုးရဌာနတွေက ဗျုရိုကရက်အရာရှိတွေကို သင်တန်းပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က မြန်မာပြည်က ထူးခြားတဲ့ အဖြစ်အပျက်တွေကို စောင့်ကြည့်ခဲ့တဲ့ လူတွေက အရင်ဆုံးမေးကြတဲ့ မေးခွန်းကတော့ မြန်မာပြည်က ဒီမိုကရေစီလမ်းစပွင့်လာတာတွေက တကယ်မှဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းပါပဲ၊ ဘယ်အရာကိုမှ လျှော့တွက်လို့ မရဘူးဆိုတာ အမှန်ပါပဲ။ မြန်မာစစ်တပ်က အာဏာရှင်စနစ်ကို တစ်ကနေ ပြန်စနိုင်တဲ့ အခင်းအကျင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် မြန်မာပြည်က ပြည်သူတွေ တော်တော်များများကတော့ ရေရှည်အတွက် အခုမှ လမ်းပွင့်ခါစ အခြေအနေဟာ စစ်ခေါင်းဆောင်ပိုင်းက တော်တော်များများရဲ့ သဘောဆန္ဒကိုလည်း ထင်ဟပ်နေတယ်လို့ ဆိုကြပါတယ်။ ဒီအခြေအနေတွေဖြစ်အောင် စတင်အကောင်အထည်ဖော်ခဲ့သူက အရင် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါပဲ။ သူ့အရှေ့က ဦးနေ၀င်းလို ဘ၀မျိုးဖြစ်မှာကို သူမလိုလားခဲ့ပါဘူး။ ဒီလိုနဲ့ ရှေးရိုးစွဲ ဗိုလ်ချုပ်တွေကို ပါလီမန်ထဲ အတင်းပို့လိုက်ပါတယ်။ ပိုပြီး အရည်အချင်းရှိတဲ့ လူတွေကို ၀န်ကြီးဌာနတွေ ကိုင်ခိုင်းလိုက်ပြီး၊ စစ်တပ်ကိုတော့ သူ့ကို ကျေးဇူးသိတတ်မယ့် နှိုင်းယှဉ်ချက်အရ ငယ်ရွယ်တဲ့ အရာရှိတွေရဲ့ လက်ထဲကို အပ်လိုက်ပါတယ်။ ဒီလိုနဲ့ စစ်တပ်ထဲမှာ တတိယနေရာနဲ့ သမ္မတနေရာအတွက် တန်းစီနေတဲ့ သူရရွှေမန်းလည်း ပါလီမန် ဥက္ကဋ္ဌဘ၀ရောက်သွားပါတယ်။ ဒီအပြောင်းအလဲတွေထဲမှာ ဗိုလ်ချုပ်ဟောင်း လက်ရှိသမ္မတ ဦးသိန်းစိန်အတွက် တက်လမ်းပွင့်သွားပြီး၊ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ဖမ်းထားတာကို လွှတ်ပေးလိုက်သလို၊ နိုင်ငံရေး အတိုက်အခံတွေကို လည်း ထောင်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ အယောက် ၄၀ ကျော် ရွေးကောက်ခံရပြီး ပါလီမန်ထဲကို ၀င်သွားကြပါတယ်။ တကယ်တမ်းပြောရရင် စစ်တပ်နဲ့ သမ္မတလက်ထဲက အာဏာကို ပါလီမန်ထဲ အလွှဲအပြောင်းမှာ ပြုပြင်ပြောင်းလဲရေးအတွက် ပြဿနာတွေကို ဖန်တီးလိုက်ပါတယ်။ လက်ရှိပါလီမန်ဆိုတာက စစ်တပ်အရာရှိဟောင်းတွေနဲ့ (နေရာအတော်များများကို ဖွဲ့စည်းပုံ  အခြေခံဥပဒေအရ ခွင့်ပြုထားရတာဖြစ်ပါတယ်)။ စစ်တပ်နဲ့ မကင်းရာ မကင်းကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အရပ်သား မဟာမိတ်တွေနဲ့ပဲ ပြည့်နေပါတယ်။ သူတို့တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ စစ်တပ်နဲ့ပေါင်း၊ ခရိုနီအရင်းရှင်စနစ်ကို ကျင့်သုံးရင်း ချမ်းသာလာသူတွေဖြစ်တဲ့အတိုင်း၊ တချို့ဆိုရင်လည်း၊ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုအလွန် တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းတင်နိုင်ရေးအတွက် အသည်းအသန်လိုအပ်နေတဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို တောင်တောင် အီအီနဲ့ အချိန်ဆွဲနေကြပါတယ်။ စီးပွားရေးလောကရဲ့ ရေပေါ်ဆီသမားတွေဟာ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ရမှာကို ကြောက်လန့်တကြားနဲ့ နိုင်ငံခြားပိုင်ဆိုင်မှုကို ကန့်သတ်ချင်တာနဲ့ အမျိုးသားစီးပွားရေးဆိုတဲ့ ဆင်ခြေတွေကို သုံးနေကြပါတယ်။ ၂၀၀၅ ခုနှစ်တုန်းက တည်ဆောက်ထားတဲ့ မြန်မာပြည်ရဲ့ မြို့တော်သစ် နေပြည်တော်မှာလည်း ခရိုနီအရင်းရှင်စနစ်ဟောင်းက လက်ရာခြေရာတွေ တပြုံတမကြီး ရှိနေပါတယ်။ နေပြည်တော် ဆိုတာက အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာရင် ရှောင်နိုင်ဖို့ တည်ဆောက်ခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြတဲ့ အလွန်ကို ထူးခြားဆန်းကြယ် မြို့တမြို့ပါပဲ။ ၀န်ကြီးဌာနတွေ တခုနဲ့ တခုကြားမှာ ခပ်ကျယ်ကျယ်ခွာထားပြီး၊ ဗလာကျင်းနေတဲ့ ဧရာမ လမ်းသွယ်ကြီးတွေနဲ့ ဆက်ထားပါတယ်။ သမ္မတအိမ်တော်ကလည်း အမေရိကန်သမ္မတရဲ့ အိမ်ဖြူတော်နဲ့ အဆပေါင်းများစွာ ကြီးပြီး၊ သမ္မတအိမ်တော်ရှေ့က လမ်းမကြီးကလည်း လမ်း ၂၀ သွား လမ်းမကြီးဖြစ်နေတာ တွေ့ရပါတယ်။ ကျနော်တို့ တည်းခိုတဲ့ ခေတ်မီဟိုတယ်ကြီးဆိုတာကလည်း အပျံစားဆိုပေမယ့် တည်းခိုတဲ့လူက မရှိသလောက်ပါပဲ။ ဟိုတည်နဲ့ တလမ်းထဲမှာ ဇိမ်ခံဟိုတယ် အနည်းဆုံး ဒါဇင်ဝက်လောက်က ဆောက်လက်စဖြစ်ပါတယ်။ မြန်မာပြည်မှာ လာမယ့်နှစ်မှာ ကျင်းပဖို့ရှိတဲ့ အရှေ့တောင်အာရှ အားကစားပွဲတော်နဲ့၊ နောက် ၁ နှစ် အာဆီယံထိပ်သီး အစည်းအဝေးအတွက် တည်ဆောက်နေတာပါ။ ဒီ ၂ ပွဲကလွဲရင် ဟိုတယ်တွေဟာ စီးပွားရေးအရ တွက်ချေကိုက်မယ့် အလားအလာလည်း မရှိပါဘူး။ အစိုးရက သူတို့ရဲ့ စီးပွားရေးဘက်တော်သားတွေ ကို တခြားမက်လုံးတွေကို ပေးထားတာ သက်သက်ကြောင့်ပဲ အခုလို ဟိုတယ်တွေကို ဆောက်နေကြ တာဖြစ်ပါတယ်။ အမျိုးမျိုးသော နိုင်ငံရေးဖိနှိပ်မှုတွေအောက်က ထုသားပေသားကျနေတဲ့ မြန်မာပြည်က အရပ်ဘက်က အဖွဲ့အစည်းတွေရဲ့ ဒဏ်ခံနိုင်စွမ်းကလည်း အတော်ကို အံ့ဩလောက်ပါတယ်။ ထောင်ထဲမှာ ၁၀ နှစ်၊ ၁၂ နှစ်၊ ၁၈ နှစ် အသီးသီးကျခံရသူတွေ တသီတတန်းကြီးနဲ့ မိတ်ဆက်ရပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေထဲမှာ ကျနော့်စာအုပ်တွေကို မြန်မာဘာသာပြန်သလို၊ လွန်ခဲ့တဲ့ နှစ်တွေအတွင်း တခြားအမြင်တွေကိုလည်း မိတ်ဆက်ပေးတဲ့ ကွန်မြူနစ်ဟောင်း တယောက်လည်း ပါလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဌာနချုပ်ကတော့ ရုတ်ရုတ်သဲသဲနဲ့ အလုပ်များနေတဲ့ နေရာပဲ၊ အကြောင်းမလှတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ခွင့်မရခဲ့ပါဘူး။ ကမ္ဘာ့အဆိုးဆုံး (အဖိနှိပ်ဆုံး) အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့ နိုင်ငံမှာ ပြည်သူတွေရဲ့ ပါဝင်မှုတွေ အခုလောက် ရှိနေတာကို တွေ့ရတော့လည်း အထူးတလည် မအံ့ဩဘဲ မနေနိုင်ပါဘူး။ အခုကာလမှာ စီးပွားရေးပညာရှင်တွေအပေါ်မှာ ကျနော့်ရဲ့ အမြင်က သိပ်ကြည်လှတယ် မဟုတ်ပေမယ့် မြန်မာပြည်ခရီးမှာ ရှင်းရှင်းလင်းလင်း သိလိုက်ရတဲ့ အချက်ကတော့ မြန်မာပြည်အတွက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ အခုထပ်ပိုပြီး မလိုအပ်တော့ဘူးဆိုတာပါ။ အင်ဒိုနီးရှားမှာလိုမျိုး အမေရိကန်မှာ ပညာတတ်ပြီး တိုင်းပြည်ပြန်လာကြတဲ့ စီးပွားရေးပညာရှင်တွေ (ဘာကလေမာဖီးယားတွေ) လိုအပ်နေပါတယ်။ မြန်မာပြည်မှာ နေရာတိုင်း လိုအပ်ချက်တွေက မယုံနိုင်အောင် များလွန်း ပါတယ်။ ငွေအလွှဲအပြောင်းတွေ လုပ်နိုင်တဲ့ ဘဏ်တွေ မရှိတဲ့အတွက် နိုင်ငံခြားသားတွေ မြန်မာပြည်ထဲ သွားမယ်ဆိုရင် ဘဏ်စာရင်းတွေကို ပိတ်ထားပြီး အမေရိကန်ဒေါ်လာ အသစ်ကျပ်ချွတ် ငွေသားတွေကိုပဲ ယူသွားဖို့ပဲ အကြံပြုပါတယ်။ နေပြည်တော်က လွဲရင် တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံပိုင်းက ဖရိုဖရဲပါပဲ။ နယ်စပ်တွေကို ကုန်ပစ္စည်းတွေ ဖြတ်သန်းဖို့က ခက်ခဲသလောက်၊ မုတ်သုံမိုးရာသီလွန်ရင် လျှပ်စစ်မီးကလည်း အလွန်ပျက်တတ်ပါတယ်။ အထီးကျန်နိုင်ငံဖြစ်ခဲ့တဲ့ အကျိုးဆက်တွေထဲက တခုကတော့ တိုင်းပြည်မှာ လူသားအရင်းအမြစ် လိုအပ်ချက်က အလွန်ကြီးမားပါတယ်။ မြန်မာပြည်မှာ အင်္ဂလိပ်စာသင်တာကို ၁၉၆၄ မှာ ရပ်ဆိုင်းခဲ့ဖူးပါတယ်။ ကျောင်းသား လှုပ်ရှားမှုပြီးတဲ့နောက် ၃ နှစ်လုံးလုံး တက္ကသိုလ်တွေကို ပိတ်ထားပါတယ်။ ပြင်ပကမ္ဘာက အကြောင်းတွေကို သင်ချင်တတ်ချင်စိတ် အကြီးအကျယ် ငတ်မွတ်နေတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီကွက်လပ်ကို ဖြည့်ဖို့ဆိုရင်တော့ မျိုးဆက်တဆက်မက အချိန်ယူရပါလိမ့်မယ်။ မြန်မာနဲ့ မွန်ဂိုလီးယားတို့ ကြားမှာ အင်္ဂလိပ်စာ အမ် (M) နဲ့ စတဲ့ နိုင်ငံတွေ ဖြစ်တာချင်း တူရုံသာမက တရုတ်နဲ့ အိမ်နီးချင်းတွေဖြစ်တာလည်း အတူတူ၊ တရုတ်ပြည်အပေါ် စိုးရိမ်တကြီးနဲ့ မလိုလားတာချင်းလည်း တူကြတဲ့အကြောင်း မကြာခင်တုန်းပဲ ကျနော် ပို့စ်တခု  ရေးထားဖူးပါတယ်။ တရုတ်ပြည်ရဲ့ အတောမသတ်တဲ့ လူသုံးကုန်ပစ္စည်း လိုအပ်ချက်ကို အကြောင်းပြုလို့  သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ထောင်တက်သွားတယ်။ အိမ်နီးချင်းတွေ ဖြစ်တဲ့ တရုတ်နဲ့ ရုရှားလက်ကနေ ရုန်းထွက်နိုင်ဖို့ မွန်ဂိုလီးယား အစိုးရဟာ တတိယ အိမ်နီးချင်းပေါ်လစီ (Third Neighbor Policy) ဆိုတာကို ချမှတ်ပြီး အမေရိကန်၊ ဥရောပနဲ့ ဆက်ဆံရေး ခိုင်မြဲအောင် ကြိုးပမ်းလာရတယ်။ မြန်မာနဲ့ တရုတ်ဆက်ဆံရေးမှာလည်း ဒီသဘောမျိုးပါပဲ။ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တဲ့ အချိန်ကစလို့ မြန်မာ့စွမ်းအင်ကဏ္ဍမှာ တရုတ် ကုမ္ပဏီတွေဟာ အရေးပါလာခဲ့ပါတယ်။ ဒီလိုနဲ့ ဧရာဝတီမြစ်ပေါ်က မြစ်ဆုံရေကာတာ စီမံကိန်းကိစ္စမှာတော့ မြန်မာစစ်အစိုးရဟာ အနောက်နဲ့ (ပြည်သူတွေနဲ့ပါ) ပူးပေါင်းဖို့ အကြောင်းရင်းတခု ဖြစ်လာခဲ့ပါတယ်။ မြစ်ဆုံ ရေကာတာက ထွက်လာမယ့် စွမ်းအင်ရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ်ပြည်ကို တင်ပို့မှာဖြစ်ပါတယ်။ ဒီစီမံကိန်း တည်ဆောက်တာကို သမ္မတ ဦးသိန်းစိန်က မဖျက်သိမ်းလိုက်ခင်မှာ သဘာာဝပတ်ဝန်းကျင် အမြင်၊ အမျိုးသားရေး ရပ်တည်ချက်တွေနဲ့ အပြင်းအထန် ကန့်ကွက်ခဲ့ကြ ပါတယ်။ မြန်မာပြည်က ဒီမိုကရေစီလမ်းပွင့်လာမှုဟာ ကြီးမားတဲ့ တိုးတက်မှုလို့ ဆိုနိုင်ပေမယ့် အလွယ်တကူနဲ့ နောက်ပြန်လှည့်သွားနိုင်ပါတယ်။ ဒီပေါ်လစီသစ်ကို ချမှတ်တဲ့ သူတွေအနေနဲ့ မဟာမိတ်သစ်ဖြစ်တဲ့ အနောက်နဲ့ ပေါင်းလို့ ဘာတွေ အကျိုးရလဒ်တွေ ရှိသလဲဆိုတာကို အချိန်တိုအတွင်းမှာ သက်သေပြနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါမှပဲ အပြောင်းအလဲတွေ ပိုပြီး အရှိန်ရလာမှာဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးမှာ ဒီအဆင့်ဟာ အလွန်ကြီးကျယ်တဲ့ ကိစ္စဖြစ်ပါတယ်။ အခုကာလ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကြိုးပမ်းမှု ဖြစ်စဉ်တွေမှာ တွေ့ရလေ့ရှိတာတွေက ဒီမိုကရေစီအင်အားစုတွေဟာ လူထုအခြေပြုအဖွဲ့အစည်းမှာ တက်ကြွလှုပ်ရှားသူတွေ ဘ၀ကနေ နိုင်ငံရေးပါတီကို ထူထောင်သူတွေ ဖြစ်လာပြီး ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်၊ အဲဒီကနေ နောက်တဆင့် အဖြစ် အစိုးရထဲမှာ ပါဝင်လာပြီး လူထုရေးရာပေါ်လစီတွေကို ချမှတ် အကောင်အထည်ဖော်တဲ့ သူတွေဖြစ်လာတဲ့  အဆင့်အထိ တက်လှမ်းနိုင်တာမျိုးတွေ ကို တွေ့ရပါတယ်။ မြန်မာပြည်မှာလည်း ဒီလိုကဏ္ဍတွေ အားလုံးမှာ အကူအညီတွေ မဟားတရား လိုအပ်နေပါတယ်။ မကြာခင်တုန်းက မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ ကမ္ဘာကျော် နိုင်ငံရေးနှင့် ဖွံ့ဖြိုးရေးပညာရှင် ဖရန့်စစ်ဖူကူယားမားရဲ့ မြန်မာပြည်အပြောင်းအလဲအပေါ် သူရဲ့ အမြင်နဲ့ သုံးသပ်ချက် ဆောင်းပါးဖြစ် ပါတယ်။ (Francis Fukuyama ရေးတဲ့ “What Myanmar Needs” ဆောင်းပါးကို ကိုနေသွင်က ဘာသာပြန်တင်ပြထားပါတယ်။) ရည်ညွန်း၊ ၊ What Myanmar Needs by Francis Fukuyama
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024