ရုရှားအစိုးရက ဒုံးကျည်စနစ်အသစ်တခု ပြသ (ရုပ်သံ)

ရုရှားအစိုးရဟာ သူ့ရဲ့ ဒုံးကျည်စနစ်အသစ်တခုကို နိုင်ငံခြားစစ်သံမှူးတွေနဲ့ သတင်းထောက်တွေရှေ့မှာ ဇန်နဝါရီ ၂၃ ရက်က ဖော်ထုတ် ပြသလိုက်ပါတယ်။ စစ်အေးခေတ် လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်ကို ရုရှားက ချိုးဖောက်တယ်လို့ အမေရိကန်က စွပ်စွဲထားပြီး သဘောတူညီချက်ကို စွန့်လွှတ်ဖို့ စဉ်းစားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့တာပါ။ ရုရှားရဲ့ ဒုံးကျည်အသစ် နိုဗာတာ 9M729 ဟာ ဥရောပမှာ မြေပြင်ကနေ ဝေဟင်ကို တာတိုနဲ့ တာလတ်ပစ် ဒုံးကျည်တွေ တားမြစ်ပိတ်ပင်ထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အမေရိကန်က စွပ်စွဲပါတယ်။ ရုရှားကတော့ ဒီဒုံးကျည်ဟာ အမေရိကန်စွပ်စွဲသလောက် အဝေးရောက်အောင် ပစ်ခတ်နိုင်တာ မဟုတ်ဘူး၊ ဒါကြောင့် ၁၉၈၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ တာလတ်ပစ် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တပ်တွေဆိုင်ရာ သဘောတူညီချက် (INF) နဲ့ အပြည့်အဝ ကိုက်ညီတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလို့ ပြောပါတယ်။ အမေရိကန်ဟာ ဒုံးကျည်သစ်တွေ တီထွင်ဖို့ သဘောတူစာချုပ်ကနေ ဘယ်နည်းနဲ့မဆို နုတ်ထွက်မှာဖြစ်လို့ ထွက်နိုင်ရေးအတွက် မူမမှန်တဲ့ အကြောင်းပြချက်ကို ထွင်နေတာလို့လည်း ရုရှားက စွပ်စွဲပါတယ်။ အမေရိကန်ဟာ သဘောတူစာချုပ်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်က နောက်ဆုံးအဆင့် ရောက်နေပြီး ဆွေးနွေးမှာမဟုတ်ဘူးဆိုတာ သံတမန်လမ်းကြောင်းကနေ ရှင်းအောင် ပြောပြီးပြီလို့လည်း ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီး ဆာဂီ ရီယတ်ဘ်ကော့ဗ်က ဇန်နဝါရီ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲကို အစိုးရရုပ်သံကနေလည်း ထုတ်လွှင့်ပြီး ဒုံးကျည်စနစ်ကိုလည်း ခင်းကျင်းပြသပါတယ်။ အခုဖွင့်ချပြတဲ့ ပဲ့ထိန်းဒုံးကျည်ဟာ ရုရှားရဲ့ 9M728 ဒုံးကျည်ကို ခေတ်မီအောင် မွမ်းမံထားတာလို့ ထိပ်တန်း စစ်ဘက်အရာရှိတဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီဒုံးကျည်ဟာ အများဆုံးအနေနဲ့ ၄၈၀ ကီလိုမီတာအဝေးကို ပစ်ခတ်နိုင်လို့ INF စာချုပ်နဲ့ ကိုက်ညီတယ်လို့လည်း ရုရှား ဒုံးကျည်နဲ့ အမြောက်တပ် အကြီးအကဲ ဗိုလ်မှူးချုပ် မီခေးလ် မတ်ဗီယက်စကီက ပြောပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ရဲ့ ခုအခြေအနေကြောင့် ၂ နိုင်ငံကြား ချုပ်ဆိုထားတဲ့ တခြား လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တွေရဲ့ အနာဂတ်အပေါ် မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up