Home
မြန်မာသတင်း
သီပေါတွင် ရှမ်းလက်နက်ကိုင်အဖွဲ့ချင်း ပစ်ခတ်၊ ရွာသား ၁ ဦး ကျည်ဆန်ထိမှန်ဒဏ်ရာရ
နန်းမြနဒီ
·
January 23, 2019
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ တာလုံကျေးရွာအနီးမှာ မနေ့က ရှမ်းပြည်တပ်မတော် RCSS နဲ့ SSPP တပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံရွာသား ၁ ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။ ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့တဲ့ တာလုံရွာသား အသက် ၂၈ နှစ်ရွယ်ရှိ စိုင်းကမ်ကို သီပေါဆေးရုံကို ပို့ဆောင်ပေးဖို့ အကူအညီ တောင်းလာတဲ့အတွက် မနေ့ည ၆ နာရီခွဲလောက်က နမ့်လန်ဆေးရုံကနေ သီပေါဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့ဥက္ကဋ္ဌ ကိုမျိုးက  ပြောပါတယ်။ “ဒဏ်ရာရလူနာကို အစကတော့ နမ့်လန် Dear ranger ပရဟိတအဖွဲ့က နမ့်လန်ဆေးရုံကို ပို့ပေးပါတယ်။ နမ့်လန်ဆေးရုံကနေ သီပေါဆေးရုံကိုလွှဲတော့ ကျနော်တို့အဖွဲ့က သွားခေါ်ပေးတာ ပါခင်ဗျ။  ဒဏ်ရာက ကျည်ဆန်ထိမှန်တာပါ။ ဒဏ်ရာက ဘယ်ဘက်ဒူးရယ် ဘယ်ဘက်ပေါင်ရယ် ကို ထိသွားတာပေါ့နော်၊ ကျည်ဆန်က နမ့်လန်မှာထုတ်လို့မရလို့ သီပေါဆေးရုံကိုလွှဲပေးတာပါ။ သီပေါဆေးရုံက ကျည်ဆန်ကိုခွဲထုတ်ပြီးပြီလို့ ကြားပါတယ်။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရပါဘူး။” မနေ့ မနက်က တာလုံရွာနားမှာ ပစ်ခတ်သံတွေကြားရလို့ ရွာသူရွာသားတွေ ထွက်ပြေးကြကြောင်း၊ ဒဏ်ရာရသူ စိုင်းကမ်ကလည်း ထွက်ပြေးရင်း တောင်ပေါ်အတက်လမ်းမှာ သေနတ်ထိမှန်သွားတာလို့ နားမခေါ်ဘုန်းကြီးကျောင်းမှာ သွားရောက် ခိုလှုံနေသူနန်းအိန်က ပြောပါတယ်။ “မနေ့မနက် ၈ နာရီလောက်က ရွာနားမှာသေနတ်သံတွေကြားလို့ အကုန်လန့်ပြီး ထွက်ပြေးကြတယ်။ သူတို့က မြစ်တဘက်စီကနေ ပစ်ကြတာ၊ ရွာအထက်ဘက်က တောင်ပေါ် ကနေ ပစ်တယ်။ အသံက အကျယ်ကြီးပဲ။ စိုင်းကမ်က ကျမတို့လိုဘဲ နားမခေါ်ရွာဘက် ပြေးလာမလို့ တောင်ပေါ်အတက်မှာ ထိသွားတာ၊ သူ့ကို နမ့်လန်ဆေးရုံခေါ်သွားတယ်လို့ ကြားတယ်။ ကျမတို့လည်း  ကျွဲနွားတွေကို ကြိုးရှည်နဲ့လှန်ထားပြီး ညနေမှာ ဆိုင်ကယ်နဲ့ ထွက်ပြေးလာတယ်။ စပါးတွေလည်း ရိတ်လို့မပြီး သေးဘူး၊ အလုပ်တွေက တန်းလန်းကြီး။” မနေ့က တာလုံရွာအနီးတိုက်ပွဲကြောင့် တာလုံရွာသားတွေတင်မကဘဲ အနီးအနားရှိ နိုင်းလုံ၊ ၀မ့်ဟုမ်၊ ဟိုနား စတဲ့ အနီးနားကျေးရွာကလူတွေပါ ထွက်ပြေးလာပြီး လက်ရှိ နားမခေါ် ဘုန်းကြီးကျောင်းမှာ တိုက်ပွဲရှောင်သူပေါင်း ၅၀၀ ကျော် ရောက်ရှိနေပါတယ်။ တာလုံရွာနဲ့ နားမခေါ်ရွာဟာ ၈ မိုင်လောက်သာ ကွာဝေးပြီး တချို့ကလည်း တညလုံး ခြေလျင်လျှောက်လာတယ်လို့ နားမခေါ် တိုက်ပွဲရှောင်ပြည်သူများ နေရာချထားရေးကော်မတီဝင် စိုင်းဆန်စိန်က ပြောပါတယ်။ နားမခေါ်ဘုန်းကြီးကျောင်းမှာ မနှစ်ကတည်းက တိုက်ပွဲရှောင်ပြည်သူတွေ သွားလိုက် ပြန်လိုက် အမြဲလက်ခံနေရလို့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေကြောင်း၊  ကူညီလိုသူ အနေနဲ့နားမခေါ်တိုက်ပွဲရှောင်ကူညီရေးကော်မတီ ဖုန်းနံပတ် ၀၉၉ ၇၁၁၆ ၁၆၀၆ ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။ မနေ့ကပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး  SSPP ရှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူး စိုင်းသန်းအောင်က သူတို့တပ်ဖွဲ့ဝင်တွေဟာ နမ္မတူမြစ်အရှေ့ဘက်ကမ်းမှာရှိနေစဉ် RCSS အဖွဲ့က မြစ်အနောက်ဘက်ကမ်းကနေ လက်နက်ကြီးတွေနဲ့ပစ်လို့ ပြန်ပစ်ရတာလို့ ဒီဗွီဘီကို ပြောပါတယ်။ “မနေ့မနက် ၇ နာရီခွဲကျော်လောက်က ကျနော်တို့လူတွေ မြစ်အရှေ့ဘက်ကမ်းမှာရှိနေ တုန်း သူတို့ဘက်က အင်အားအလုံးအရင်းနဲ့ ၆၀ မမလက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်တယ်။ နောက် နေ့ခင်း ၁၂ နာရီခွဲမှာလည်း ထပ်ဖြစ်သေးတယ်။ သူတို့ကဘက်က လူ ၂၀၀ လောက်ရှိတယ်။ ကျနော်တို့က ၁၀၀လောက်ဘဲ၊ ဒဏ်ရာရတာတော့ စိစစ်နေတုန်းဘဲ။” အဲဒီဒေသဟာ SSPP ရဲ့ အုပ်ချုပ်ရေးနယ်မြေ ၂၅ ခုထဲမှာ တခုအပါအ၀င်ဖြစ်ကြောင်း၊  RCSS က အန်စီအေ လက်မှတ်ထိုးပြီးတဲ့နောက် ရှမ်းပြည်မြောက်ပိုင်းဘက် တက်လာရာက နယ်မြေချင်း ထပ်တဲ့ ပြဿနာရှိပြီး ထိတွေ့ပစ်ခတ်မှု တွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ RCSS အနေနဲ့ ကျွံဝင်လာတဲ့ နယ်မြေတွေကနေပြန်ဆုတ်ပေးဖို့၊ ပြဿနာကို ဆွေးနွေး ညှိနှိုင်းတဲ့နည်းနဲ့ အဖြေရှာသွားဖို့  ဇန်န၀ါရီလ ၁၈ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ရှမ်းပြည်တပ်မတော် RCSS ဘက်ကတော့ သူတို့ဟာ အန်စီအေလက်မှတ်မထိုးခင် က တည်းက ရှမ်းပြည်မြောက်ပိုင်းဘက်မှာ လှုပ်ရှားခဲ့ပြီး ရှမ်းပြည်တပ်မတော်အနေနဲ့ ရှမ်းပြ ည်အတွင်း ဘယ်နေရာမဆိုသွားလို့ရကြောင်း ၊ SSPP နဲ့လည်း နယ်မြေသတ်မှတ်တဲ့ သဘောတူ ချက်မရှိခဲ့ဘူးလို့   ပြောခွင့်ရ ဗိုလ်မှူး စိုင်းဦးက ဒီဗွီဘီကို ပြောခဲ့ဖူးပါတယ်။ ရှမ်းပြည်တပ်မတော် RCSS ဟာ အစိုးရနဲ့ အန်စီအေလက်မှတ်ရေးထိုးထားပြီး  မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် SSPP ကတော့ အားလုံးပါဝင်မှသာ အန်စီအေကို လက်မှတ်ရေးထိုးမယ်ဆိုတဲ့မူကို  စွဲကိုင်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024