အဓမ္မပြုကျင့်မှု သံသယဖြင့် အမေရိကန်အဆိုတော် ခရစ္စဘရောင်း အဖမ်းခံရ

839
အမေရိကန်အဆိုတော် ခရစ္စဘရောင်းဟာ အဓမ္မပြုကျင့်မှု သံသယအတွက် တခြားလူ ၂ ဦးနဲ့အတူ ပြင်သစ်မြို့တော် ပါရီမှာ တနင်္လာနေ့က အဖမ်းခံရတယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ဘရောင်းနဲ့ သူ့ရဲ့ကိုယ်ရံတော်အပြင် သူ့သူငယ်ချင်းတယောက်တို့ အဖမ်းခံရတယ်လို့ ကလို့ဇားမဂ္ဂဇင်းက ပထမဆုံး ဖော်ပြခဲ့တာပါ။
အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတယောက်က မန်ဒရင်း အိုရီယန်တယ် ဟိုတယ်အတွင်း ဘရောင်းရဲ့ ဟိုတယ်ခန်းထဲမှာ ဇန်နဝါရီ ၁၅ ရက်က အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ စွပ်စွဲခဲ့တာပါ။
ပါရီမြို့တော်က နိုက်ကလပ်တခုမှာ အဲဒီနေ့ ညနေပိုင်းက သူတို့ကို တွေ့ခဲ့တယ်လို့ အမျိုးသမီးက ပြောတဲ့အကြောင်း မဂ္ဂဇင်းက ဖော်ပြပါတယ်။
ဒီဖြစ်ရပ်အတွက် မှတ်ချက်ပေးဖို့ ဘရောင်းကိုရော သူ့ကိုယ်စားလှယ်တွေကိုပါ ဆက်သွယ်လို့ မရသေးပါဘူး။
ဘရောင်းဟာ အင်္ဂါနေ့ထိ ထိန်းသိမ်းခံထားရဆဲလို့ တရားရေး သတင်းရင်းမြစ်တခုက ပြောပါတယ်။
အသက် ၂၉ နှစ်အရွယ် ဘရောင်းဟာ ၂၀၀၉ ခုနှစ်က အဆိုတော် ရီဟားနားကို တိုက်ခိုက်မှုနဲ့ တရားရင်ဆိုင်ခဲ့ရပါသေးတယ်။
သူဟာ ရည်းစားဟောင်း ရီဟားနားကို စော်ကားမှုနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့လို့ ရီဟားနားရဲ့ စုတ်ပြဲနေတဲ့ မျက်နှာပုံ ဓာတ်ပုံနဲ့အတူ ကမ္ဘာတလွှား သတင်းခေါင်းကြီးပိုင်းမှာ သူ့သတင်း ပါခဲ့ဖူးတာပါ။
၂၀၁၆ ခုနှစ်ကလည်း အမျိုးသမီးတဦးကို သေနတ်နဲ့ချိန်မှုနဲ့ အတိုင်ခံရလို့ အဖမ်းခံရဖူးပါတယ်။ အဲဒီအချိန်ကတော့ အမှားမလုပ်ခဲ့ဘူးလို့ ဘရောင်းက ငြင်းပါတယ်။ ပြင်သစ်မှာ အဓမ္မပြုကျင့်မှုကို ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ချလေ့ရှိပါတယ်။