ဆီးရီးယားတွင် ကားဗုံးကွဲ၊ လူ ၁ ဦးသေဆုံး ၁၄ ဦး ဒဏ်ရာရ

ဓာတ်ပုံ - AFP
1.1K
ဆီးရီးယားအစိုးရ ထိန်းချုပ်ရာ လက်တာကီးယားမြို့မှာ ဇန်နဝါရီ ၂၂ ရက်နေ့က ကားဗုံးကွဲမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူဟာ ယာဉ်မောင်းဖြစ်ပြီး အဲဒီနေရာမှာ နောက်ထပ် ဖောက်ခွဲရေးပစ္စည်းကို အာဏာပိုင်တွေက ဖယ်ရှားခဲ့တယ်လို့ သတင်းဌာနက ပြောကြားပါတယ်။
သမ္မတ ဘာရှား အယ်လ် အာဆတ်ဟာ နိုင်ငံတဝက်ကျော်ကို ပြန်လည်ထိန်းချုပ်နိုင်ပေမယ့် တိုက်ခိုက်သူက မကြာခဏဆိုသလို အသေခံဗုံးခွဲတာတွေနဲ့ ကားဗုံးခွဲတာတွေ ဆက်လက်ပြုလုပ်နေပါတယ်။
မြေထဲပင်လယ် ကမ်းရိုးတန်းမှာရှိတဲ့ လက်တာကီးယားမြို့ဟာ ပြည်တွင်းစစ်ကာလ ၈ နှစ်လုံးလုံး အစိုးရထိန်းချုပ်မှုအောက်မှာ ရှိခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။