Email This Story :
ယူအေအီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၉ အာရှဖလား ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်တွေ မနေ့ညက ဆက်လက်ယှဉ်ပြိုင်ရာ တောင်ကိုရီးယားက ဘာရိန်းကို ၂ ဂိုး ၁ ဂိုးနဲ့ ကာတာက အီရတ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီးနိုင်ပြီး ကွာတားဖိုင်နယ် တက်သွားပါတယ်။
ကွာတားဖိုင်နယ် ပွဲစဉ်တွေကို ဇန်နဝါရီ ၂၄ ရက် မနက်ဖြန် စတင်ကျင်းပမှာဖြစ်ပြီး ဗီယက်နမ်နဲ့ ဂျပန်၊ တရုတ်နဲ့ အီရန်အသင်းတွေ ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၅ ရက်မှာတော့ တောင်ကိုရီးယားနဲ့ ကာတာ၊ ယူအေအီးနဲ့ သြစတြေးလျ အသင်းတွေ ယှဉ်ပြိုင်ကစားကြမှာပါ။
ဒီပြိုင်ပွဲမှာ အရှေ့တောင်အာရှဒေသ အာဆီယံအသင်းတွေထဲက ဗီယက်နမ်အသင်း တသင်းပဲ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ်အသင်းဟာ ရှုံးထွက်အဆင့်ပွဲစဉ်မှာ ဂျော်ဒန်ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး နောက်တဆင့်တက်လာတာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် ဗီယက်နမ်နိုင်ငံတဝန်း ဘောလုံးပရိသတ်တွေ အောင်ပွဲခံခဲ့ကြပါတယ်။