ပွင့်ဖြူမြို့နယ်က အမှိုက်ကောက် သူရဲကောင်းလေးများ (ရုပ်သံ)
DVB
·
January 22, 2019
တက်ကြွနေတဲ့ ကလေးအုပ်စုကြီးဟာ ဆိုင်းဘုတ်တွေကိုင်၊ ကြွေးကြော်သံတွေအော်ဟစ်လို့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဒဲရွာလယ်လမ်းမကြီးအတိုင်း ချီတက်လာပါတယ်။
ဆန္ဒပြသလို ချီတက်လာတာ ဖြစ်ပေမယ့် ကလေးတွေချည်းပဲ ဖြစ်နေတာကြောင့် တွေ့မြင်ရသူတွေအတွက် စိတ်ဝင်စားစရာ ကောင်းပါတယ်။
တဖြည်းဖြည်းနဲ့နီးလာတော့ သူတို့ရဲ့ ဆိုင်းဘုတ်တွေကို ထင်ထင်ရှားရှားတွေ့ရပြီး ကြွေးကြော်သံတွေ ကိုလည်း အသေအချာ ကြားရပါတယ်။
“ကျွန်ုပ်တို့သည် အမှိုက်ကောက် သူရဲကောင်းများဖြစ်သည်။ ပလပ်စတစ်ဆို No ပဲ” ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ချီတက်လာကြတာပါ။
သူတို့မှာ အမှိုက်ကောက်တဲ့ ခြင်းတွေလည်း ပါလာပြီး အားလုံးက တက်တက်ကြွကြွနဲ့ လမ်းဘေးဝဲယာတလျှောက်က အမှိုက်တွေကို ကောက်သွားကြပါတယ်။
အသက် ၄၊ ၅ နှစ်အရွယ် ကလေးတွေလည်း ပါလာပြီး တချို့ကတော့ ချောင်ကြိုချောင်ကြားက အမှိုက်တွေကိုလည်း ရှာဖွေကောက်ယူနေကြတာကြောင့် သူတို့ အုပ်စုကြီးလွန်သွားတဲ့အခါ လမ်းမကြီးဟာ အမှိုက်တွေရှင်းလင်းနေတာ တွေ့ရပါတော့တယ်။
ရိုက်ကူး - ကိုစိုးနိုင်