မိသားစုဝင် ၄ ဦးကို သတ်မှုဖြင့် ပါကစ္စတန် ရဲတပ်ဖွဲ့ဝင်တဦးအား စစ်ဆေး

ပါကစ္စတန် စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ကားတစီးထဲက မိသားစုဝင် လေးဦးကို သတ်မှုနဲ့ ရဲတပ်ဖွဲ့ဝင်တဦးကို ဇန်နဝါရီ ၂၁ ရက်က စပြီး စစ်ဆေးနေပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ အရာရှိတွေဟာ သီတင်းပတ်ကုန်ရက်က ပန်ဂျပ်ပြည်နယ် ဆာဟီဝယ်လ်မြို့အတွင်း ကားတစီးကို ပစ်ခတ်ခဲ့ပြီး အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွခေါင်းဆောင် ဇီးရှန်း ဂျာဗဒ်ကို သတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ကားထဲမှာ ကုန်စုံဆိုင်ပိုင်ရှင် မူဟမ်မဒ် ခါလစ်နဲ့ သူ့ဇနီးအပြင် အသက် ၁၂ နှစ်အရွယ် သမီးလည်း ရှိနေခဲ့ပါတယ်။ ခါလစ်ရဲ့ ၃ နှစ်အရွယ် ကလေးတယောက်က အသေးစားဒဏ်ရာတွေနဲ့ အသက်ရှင်ခဲ့တယ် ဆိုတဲ့အချက် အပါအဝင် ရဲတွေရဲ့ ထွက်ဆိုချက်နဲ့ မျက်မြင်သက်သေတွေရဲ့ စကားက အငြင်းပွားစရာ ဖြစ်ခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် ပါကစ္စတန်ရဲ့ ဒုတိယအကြီးဆုံးမြို့ လာဟိုးမှာ ဇန်နဝါရီ ၂၀ ရက်က ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါ့အပြင် ဥပဒေပြင်ပ သတ်ဖြတ်မှုတွေနဲ့ ရဲတွေရဲ့အပြစ်က ဒဏ်ခတ်မခံရတာတွေအတွက် စကားရည်လု ငြင်းခုံခဲ့ကြပါတယ်။ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ ပါကစ္စတန်နိုင်ငံမှာ ခုလိုဖြစ်ရပ်တွေက ဖြစ်နေကျပါ။ ဝန်ကြီးချုပ် အမ်ရန်ခန်းက မျက်စိရှေ့မှာ မိဘတွေ ပစ်သတ်ခံရတာ မြင်ရတဲ့ ကလေးတွေ ထိတ်လန့်တုန်လှုပ်နေတာကို ကြည့်ရတာ တုန်လှုပ်ချောက်ချားရတယ်လို့ တွစ်တာ လူမှုကွန်ရက်မှာ ရေးပါတယ်။ ကလေးတွေကို နိုင်ငံက စောင့်ရှောက်မယ်လို့လည်း ကတိပြုပါတယ်။ ပူးတွဲ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးရေးသမားတွေလည်း ဆာဟီဝယ်လ်ကို မနေ့က ရောက်လာပါတယ်။ ဇန်နဝါရီ ၂၃ ရက်မှာ ဒီအမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဆီ အစီရင်ခံစာ တင်မယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up