တယ်လီနော Broadband ဝယ်ထားသူများ ၀ယ်ယူသည့် ပမာဏအတိုင်း သုံးစွဲခွင့်ရမည်
ပိုင်စိုး
·
January 22, 2019
တယ်လီနော Broadband ဝယ်ယူထားသူတွေအနေနဲ့ ရှိနေတဲ့သက်တမ်းမှာ အရင်က ၀ယ်ယူထားတဲ့ ပမာဏအတိုင်း သုံးစွဲခွင့်ရမှာ ဖြစ်တယ်လို့ စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ပမာဏအကန့်အသတ်မရှိသုံးစွဲခွင့်ရမယ်လို့ စတင်ကြေညာခဲ့ပြီး နောက်ပိုင်းမှာ အင်တာနက် သုံးစွဲရမယ့်ပမာဏတွေကို လျှော့ချလိုက်လို့ အင်တာနက် သုံးစွဲသူအများအပြားက တိုင်ကြားခဲ့တာပါ။
ဒါကြောင့် တယ်လီနော မြန်မာက တာဝန်ရှိသူတွေကို ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနနဲ့ စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတွေကို ခေါ်ယူညှိနှိုင်းပြီးနောက် အခုလို ထုတ်ပြန်တာပါ။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်မတိုင်ခင် Unlimited Plan ဝယ်ယူထားသူတွေ၊ 10 GB per Day ဝယ်ယူထားသူတွေ အနေနဲ့ သက်တမ်းအတွင်းမှာ အဲဒီအတိုင်း သုံးစွဲခွင့်ရမှာပါ။ သက်တမ်း ဆက်တိုးမယ်ဆိုရင်တော့ တလမှာ 111 GB (တရက်ကို 3.7 GB) နဲ့ပဲရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တကယ်လို့ ဆက်အသုံးမပြုချင်တော့ဘူးဆိုရင်တော့ ချို့ယွင်းပျက်စီးတာ မရှိတဲ့ စက်တွေကို ၂၀၁၉ ဧပြီလ ၁၅ ရက်မတိုင်ခင် ပြန်အပ်နှံနိုင်ပြီး တယ်လီနောက ဒီအတွက် ကျပ် ၁၅၀၀၀ ပြန်ထုတ်ပေးရမှာ ဖြစ်ပါတယ်။
Telenor Broadband မိသားစုအဝသုံး အကန့်အသတ်မရှိ ဝန်ဆောင်မှုကို တလမှာ ကျပ် ၇၅ဝဝဝနဲ့ ၂ဝ၁၈ ခုနှစ် ဇွန်လက စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့မျှတစွာ သုံးစွဲခြင်း မူဝါဒအရဆိုပြီး တရက်မှာ 10 GB (တလကို 300 GB) ပဲ သုံးစွဲနိုင်ဖို့ ကန့်သတ် လျှော့ချခဲ့ပါတယ်။
သတ်မှတ်ပေးထားတဲ့ ပမာဏထက် ကျော်သွားရင်တော့ ပေးထားတဲ့ အမြန်နှုန်းကို ဆယ်ဆ လျှော့ချပစ်လိုက်ပြီး ဆက်လက် သုံးစွဲနေလို့တော့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် မကြာသေးခင်ကပဲ တလမှာ 111 GB (တရက်ကို 3.7 GB) အထိ ထပ်ပြီးလျှော့ချလိုက်တာကြောင့် ဝေဖန်တိုင်ကြားတာတွေ ဖြစ်ခဲ့တာပါ။