စည်ပင်ရွေးကောက်ပွဲတွင် ပါတီတံဆိပ်၊ အလံနှင့် ပါတီခေါင်းဆောင်ပုံများ သုံးစွဲခွင့်မပြု
အာကာ
·
January 22, 2019
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ပါတီတံဆိပ်၊ အလံ၊ ပါတီခေါင်းဆောင်ပုံတွေ သုံးစွဲခွင့်မပြုဖို့ စည်ပင်ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်လိုက်ပါတယ်။
ဇန်နဝါရီ ၂၁ ရက်နေ့က ကော်မရှင်အစည်းအဝေးပြုလုပ်ခဲ့ပြီး ကော်မရှင် အဖွဲ့ဝင်အားလုံးက အခုလို ဆုံးဖြတ်လိုက်တာလို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်ကပြောပါတယ်။
“စည်ပင်ရွေးကောက်ပွဲဆိုတာ အထွေထွေရွေးကောက်ပွဲ မဟုတ်တဲ့ အတွက် ပါတီတွေကို ကိုယ်စားပြုလို့မရပါဘူး။ ပြီးတော့ ကိုယ်စားလှယ်လောင်း အားလုံးအတွက် မျှတအောင် အခုလိုဆုံးဖြတ်ခဲ့ကြတာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။
ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ မိမိဓာတ်ပုံနဲ့ အမည်ကိုပဲ အသုံးပြုခွင့်ရမှာဖြစ်ပြီး မဲဆွယ်ဆိုင်းဘုတ်တွေမှာလည်း ပါတီတခုခုရဲ့ပုံရိပ်နဲ့အသွင်တူမယ့် ပုံစံတွေ မပါဝင်ရဘူး လို့ သိရပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲကို နိုင်ငံရေးပါတီတခုခုက ပါတီဝင်တွေ ပါတီက ထွက်စရာမလိုဘဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။
အာကာ