Home
မြန်မာသတင်း
အပစ်ရပ်ကာလ ကယားပြည်နယ်အတွင်း တပ်မတော် စစ်စခန်းတိုးချဲ့မှု ဒေသခံများစိုးရိမ်
နော်နိုရင်း
·
January 22, 2019
အရှေ့ပိုင်းတိုင်းစစ်ဒေသအပါအ၀င် စစ်တိုင်းဒေသ ၅ခုမှာ  လေးလကြာ စစ်ရေးလှုပ်ရှားမှု ရပ်စဲကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကြေညာပြီးနောက်ပိုင်း ကယားပြည်နယ်ထဲမှာ တပ်မတော်တပ်စခန်း ၄ ခု ထပ်တိုးလာတဲ့အပေါ် ဒေသခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။ ကယားပြည် ရှားတော၊ ဒီးမော့ဆို၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်တွေထဲမှာ ဒီဇင်ဘာ ၂၃ ရက်ကစပြီး မြန်မာ့တပ်မတော်က တပ်စခန်းတွေ တိုးချဲ့လာနေတာလို့ ကရင်နီလူထုအခြေပြု ကွန်ယက်အဖွဲ့က ထုတ်ပြန်ပါတယ်။ ကွန်ယက်ရဲ့ပြောခွင့်ရသူ ခွန်တူရယ်က “ဒီဇင်ဘာ ၂၁ ရက်နေ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနေ အပစ်ခတ်ရပ်စဲကြောင်း ကြေညာချက်တွေ ထုတ်ပြီးတဲ့ နောက်ပိုင်းမှာ  ဒီလှုပ်ရှားမှုတွေ ခပ်စိတ်စိတ်ဖြစ်လာတာပေါ့။ ဘာဖြစ်လို့ရှိလာတယ်ဆိုတဲ့ ဟာကို လည်း ကျနော်တို့ နားမလည်တဲ့ဟာတွေရှိတယ်။ ပြီးတော့ တိုးချဲပြီးတော့ လှုပ်ရှားနေတဲ့နေရာတွေ ကလည်း ကေအန်ပီပီ၊ တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့ ကြီးစိုးနေတဲ့နေရာလည်းဖြစ်တယ်။  နောက်တခု အဲဒီဒေသမှာရှိတဲ့ တောင်သူလယ်သမားတွေ၊ လူထုတွေကလည်း စိုးရိမ်စိတ်ရှိလာ တယ်။ ဘာဖြစ်လို့ရှိလာလဲဆိုရင် သူတို့ဘ၀အဆက်ဆက်ဖြစ်လာရတဲ့စစ်ဒဏ်ကြောင့် ဖြစ်ပေါ် နေရတဲ့ စိတ်ခံစားချက်က အရမ်းပြင်းတယ်။ စိတ်ဝေဒနာခံစားရသူတွေကြားမှာ ဒီလိုဖြစ်ပေါ် လာတော့ တချို့တွေက အရမ်းစိုးရိမ်လာတယ်။ အဲဒါကြောင့် ကျနော်တို့က ဒီဟာနဲ့ပတ် သက်ပြီးတော့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ အတောအတွင်းမှာ ဒီလို လှုပ်ရှားမှုမျိုးဖြစ်တာ မသင့်တော်ဘူးလို့ပဲ ကျနော်တို့က ပြောတာပါ။ ” ဒီးမော့ဆိုမြို့နယ်က ဒေါဖုကျေးရွာမှာ ခလရ ၅၄က ဒီဇင်ဘာ ၂၃ ရက်နေ့က ၀င်ရောက်တပ်စခန်းချခဲ့သလို မော်ချီးအခြေစိုက် ခလရ ၄၂၈ ကလည်း ဖားဆောင်းမြို့နယ်အတွင်း ထူးသစ်ကွင်းနဲ့ ၅ မိုင်လောက် အကွာမှာ စခန်းသစ်တခု တည်ဆောက်စခန်းချခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အလားတူ ဇန်န၀ါရီ ၁ ရက်နေ့က ခလရ ၄၂၉က ရှားတောမြို့နယ် ဒေါဝယ်နဲ့ သီရိဒါကျေးရွာအနီး ၀င်ရောက်ပြီး တပ်စခန်း ၁သစ်တခု တည်ဆောက်ချသလို ဇန်န၀ါရီ ၇ ရက်နေ့မှာ ဘောလခဲ အခြေစိုက် ခလရ ၃၃၇ ကလည်း မယ်စဲ့မြို့နယ်အတွင်းရှိ ကေအန်ပီပီ  နယ်မြေဖြစ်တဲ့ နန်မန်းခီးထဲ ၀င်ရောက် တပ်စခန်းသစ်တခု တည်ဆောက်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ပြောဆိုချက်နဲ့ပတ်သက်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးအရာရှိ ဗိုလ်မှူးကြီးခင်မောင်ဝင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့အနေနဲ့ ဒီလို တပ်စခန်း တိုးချဲ့တာမရှိကြောင်းနဲ့ အပစ်ရပ်ကာလ လှုပ်ရှားမှုမလုပ်ပဲ ယာယီစခန်းချတာလို့  ပြောပါတယ်။ “စစ်စခန်းမဟုတ်ပါဘူးဗျာ။ ကျနော်တို့က အပေါ်က တရားဝင် သတင်းစာရှင်းလင်း ပွဲလုပ်လိုက်တယ်။ လုပ်ပြီးတော့ အဲဒီနယ်မြေမှာအရင်က လှုပ်ရှားတဲ့ အဖွဲ့တွေ ရှိတယ်။  ဆိုတော့ လှုပ်ရှားမှုမလုပ်ပဲ တနေရာမှာပဲ နေတော့၊ လှုပ်ရှားမှုမလုပ်ပဲ အဲဒီနေရာမှာပဲ နေခိုင်းထားတာ။ စခန်းဆောက်တာမဟုတ်ဘူး။ သူတို့က အရင်က သွားသွားလာလာလုပ်တယ်လေ။ သွားသွား လာလာလုပ်ရင် တိုက်ပွဲတွေဖြစ်မှာစိုးလို့။ အပေါ်က စစ်လှုပ်ရှားမှု ရပ်ခိုင်းလို့ အဲဒီတနေရာပဲ အခြေချပြီး ဘယ်မှမသွားခိုင်းတော့ဘူး။ ” တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) မှာ ပါဝင်လက်မှတ်မထိုး ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်း ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် ၂၀၁၈ ခု ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက်အထိ ၄ လကျော်ကြာ စစ်ဆင်ရေးလှုပ်ရှားမှု ရပ်ဆိုင်း ထားမှာဖြစ်ကြောင်း တပ်မတော်က ဒီဇင်ဘာလ ၂၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024