မိုးမိတ်နှင့်မဘိမ်းတွင် ကျပ်သိန်း ၄၆၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
January 21, 2019
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်နဲ့ မဘိမ်းမြို့နယ်တို့မှာ ငွေကျပ်သိန်း ၄၆,၂၄၂ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီခွဲလောက်က မူးယစ်တပ်ဖွဲ့စု ၂၄ လားရှိုးမှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မိုးမိတ်မြို့နယ်၊ မိုးမိတ်-မဘိမ်းကားလမ်း၊ မိုင်တိုင်အမှတ် (၄/၃) အနီးတွင် ဆွယ်ဟိန်း မောင်းနှင်လာတဲ့ MITSUBISHI TRITON အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရာမှ ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
မော်တော်ယာဉ်ရဲ့ ကြမ်းခင်းနဲ့ ဘေးဘောင်အံဝှက်တွေအတွင်းမှ ဆပ်ပြာခွက် ၂၂၁ ခွက်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၂ ဒသမ ၂၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂ ဒသမ ၉ သိန်းနဲ့ လက်ကိုင်ဖုန်း တလုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ကွင်းဆက်အရ ည ၁၀ နာရီကျော်လောက်ကလည်း မဘိမ်းမြို့နယ်၊ ဘဟဲကျေးရွာအုပ်စု၊ ပွေးတူး ကျေးရွာအနီးရှိ ရွှေလီ ၃ ရေအားလျှပ်စစ်စီမံကိန်း မြစ်ကူးတံတားမှာ ဝေလျှံအောင် (ခ) အမောင်လေးနဲ့ မတင်ဇာခိုင် (ခ) မခက်ခက်ခိုင်တို့ကို MITSUBISHI PAJERO အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်းတလုံးနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။
ဆွယ်ဟိန်း ဝေလျှံအောင် နဲ့ မတင်ဇာခိုင်တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-MOH