Live
Home
မြန်မာသတင်း
ဆရာဆရာမ လုပ်ချင်သူ များလာရေး ကြိုးစားနေဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
January 21, 2019
နောင်မျိုးဆက်တွေအတွက် ပြည်သူတွေ ကျောင်းဆရာဆရာမ အလုပ်ကို လုပ်ချင်လာအောင် ကြိုးစားဆောင်ရွက်နေတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့ကို ရောက်ရှိနေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီနေ့မနက်ပိုင်းက အထက ၂ ကျောင်းမှာ ဆရာဆရာမတွေ ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဟားခါး အထက ၂ ကျောင်းအုပ်ဆရာကြီးက ကျောင်းဆောင်တွေ လုပ်အပ်နေတာ၊ ကျောင်းသားအင်အားနဲ့ ဆရာဆရာမ အင်အား မမျှမတ ဖြစ်နေတဲ့အကြောင်း တင်ပြရာမှာ အတိုင်ပင်ခံက ခုလိုပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ “ကျမတို့ရဲ့ ပြည်သူပြည်သားများ ကျောင်းဆရာဆရာမများ လုပ်ချင်အောင်လို့ ကျမတို့ စည်းရုံးပါ့မယ်၊ ဒါ ကျမတို့ ကြိုးစားနေပါတယ်။ တော်တော်များများက ဆရာဆရာမအလုပ်ကို သိပ်ပြီး အထင်မကြီးဘူး။ ပိုပြီးတော့ ၀င်ငွေကောင်းမယ်လို့ထင်တဲ့ အလုပ်တွေ၊ ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းမယ်ဆိုတဲ့အလုပ်တွေ လုပ်ချင်ကြတယ်။ တကယ်တော့ ဆရာဆရာမတွေအလုပ်လောက် တန်ဖိုးရှိတဲ့အလုပ်ဆိုတာ အင်မတန်နည်းပါတယ်။ ဆရာတယောက်ဆို ကျောင်းသားပေါင်း ထောင်ပေါင်း သောင်းပေါင်းကို ပြုစုပျိုးထောင်နိုင်တယ်။ အဲဒါကြောင့် လူတယောက်တည်းအတွက်သာမဟုတ်ဘဲ နောင်မျိုးဆက်တွေ အဆက်အဆက်အတွက် လုပ်ပေးတဲ့အလုပ်မို့လို့ ဆရာဆရာမ များများ လုပ်ချင်အောင်လို့ ကျမတို့ ကြိုးစားနေပါတယ်။” ဒါ့အပြင် ဆရာဆရာမ လိုအပ်ချက်တွေကို ချက်ချင်းပြည့်ဆည်းပေးနိုင်မှာမဟုတ်ပေမယ့် တတ်နိုင်သလောက် တဆင့်ပြီးတဆင့် ဖြည့်ဆည်းပေးသွားမယ်လို့ ပြောပါတယ်။ “ဆရာဆရာမတွေ မလုပ်ချင်ကြတဲ့ အကြောင်းရင်းထဲမှာ နေရာထိုင်ခင်း မစီစဉ်ပေးနိုင်တာကြောင့်လည်း အဓိကကျပြီး အထူးသဖြင့် နယ်တွေမှာဖြစ်ပါတယ်။ ဒါကြောင့် တတိုင်းပြည်လုံးမှာ ဒီကိစ္စတွေ ဖြေရှင်းပေးဖို့ ကြိုးစားနေပါတယ်။” စာသင်ခန်း လုံလုံခြုံခြုံဖြစ်ဖို့ အရေးကြီးတာကြောင့် ကျောင်းဆောင်တွေကိစ္စကိုလည်း အမြန်ဆုံးလုပ်ဆောင်ပေးသွားမယ်လို့ ပြောကြားသွားပါတယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထက ၂ ကျောင်းမှာ မူလတန်းကလေးငယ်တွေရဲ့ စာသင်ခန်းတွေကိုလည်း သွားရောက်ခဲ့ပြီး အေဘီစီဒီနဲ့ ကကြီးခခွေး သင်ခန်းစာတွေ ကလေးငယ်တွေ ရမရ မေးမြန်းခဲ့သလို အထက်တန်းအဆင့် ကလေးတွေကိုလည်း ပညာရေးရည်မှန်းချက်တွေအကြောင်း မေးမြန်းခဲ့ပါတယ်။ ဓာတ်ပုံ - Myanmar State Counsellor Office

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024