မိတ္ထီလာ-သာစည်လမ်းတွင် သုံးဘီးဆိုင်ကယ် တိမ်းမှောက်၍ ၁ ဦး သေ၊ ၆ ဦး ဒဏ်ရာရ
DVB
·
January 20, 2019
မိတ္ထီလာ-သာစည်လမ်း မိုင်တိုင် ၀/၃ နဲ့ ၄ အကြား တပ်မတော်ချည်ထည် စက်ရုံအနီးမှာ ဇန်နဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းက သုံးဘီးဆိုင်ကယ် တိမ်းမှောက်ခဲ့လို့ ၆ ဦးဒဏ်ရာရပြီး ၁ ဦး သေဆုံးသွားတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။
“အားလုံးကတော့ မိတ္ထီလာတောမရွာကချည်းပါပဲ။ မအေးသီရိမျိုး (ခ) ပေါက်စကွေး ၁၈ နှစ် ကတော့ သေဆုံးသွားတယ်။ ၆ ဦးကတော့ ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ မိတ္ထီလာဆေးရုံကို ပို့ပေးတယ်" လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။
“တောမရွာနေတဲ့ ကိုစန်းလွင်က မိတ္ထီလာဘက်ကို မောင်းလာခဲ့တာပါ။ သုံးဘီးဆိုင်ကယ်ပေါ်မှာ အမျိုးသမီး ၆ ဦး ပါလာသည့်အနက် ၁ ဦး သေဆုံးပြီး ကျန်အမျိုးသမီး ၅ ဦး နဲ့ ကိုစန်းလွင်ပါ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ မိတ္ထီလာက ဆီစက်မှာ အလုပ်လုပ်ဖို့ လာကြတာပါ။ ကုန်းအတက်ကို အရှိန်နဲ့ ပစ်တက်လိုက်တာက အရှိန်မထိန်းနိုင်တော့ဘဲ တိမ်းမှောက်သွားတာပါပဲ” လို့ ဒေသခံကိုမျိုးဝင်းက ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်းက ယာဉ်မောင်း စန်းလွင်ကို ယာဉ်မဆင်မခြင်မောင်နှင်မှု၊ ပြင်းထန်ဒဏ်ရာရစေမှု၊ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ -၃၃၇/၃၃၈/၃၀၄(က) တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။