သွေးနီရောင် လကြတ်ခြင်း ဇန်နဝါရီ ၂ဝ နှင့် ၂၁ ရက်တွင် တွေ့မြင်ရမည်

အပြည့်အဝ လကြတ်ခြင်းဖြစ်စဉ်ကြောင့် ဇန်နဝါရီ ၂၀ ရက်နဲ့ ၂၁ ရက်ညတွေမှာ လကို သွေးနီရောင် လပြည့်အဖြစ်နဲ့ ကမ္ဘာ့မြောက်ခြမ်းကနေ မြင်တွေ့ရမယ်လို့ မိုးလေဝသ ဌာနတွေနဲ့ မီဒီယာတွေက အစီရင်ခံပါတယ်။ အမေရိကန်နိုင်ငံအတွင်း ညသန်းခေါင်အချိန် မတိုင်ခင်အချိန်မှာ စပြီး လကြတ်မှာပါ။ လ၊ ကမ္ဘာနဲ့ နေတို့ တတန်းတည်းကျချိန်မှာ ကမ္ဘာရဲ့အရိပ်က လအပေါ် တဖြည်းဖြည်း ကျရောက်တာမို့ လကို အရိပ်ကွယ်ပြီး မမြင်ရတာကို လကြတ်တယ်လို့ ခေါ်တာပါ။ လဟာ ကမ္ဘာမြေနဲ့ နီးကပ်လာချိန်မှာ လကို အထူးအနေနဲ့ အကြီးကြီး မြင်ရပါတယ်။ အဲဒီအချိန်နဲ့ လပြည့်နေ့ ဖြစ်ချိန်အပြင် ရှားရှားပါးပါး တိုက်တိုက်ဆိုင်ဆိုင် လကြတ်ရာမှာတော့ သွေးနီရောင် လပြည့်ကို မြင်တွေ့ရတာပါ။ ဒီဖြစ်စဉ်ကို ဒဏ္ဍာရီနဲ့ ရိုးရာအစဉ်အလာအရရော ဝံပုလွေတွေ ဆွဲဆွဲငင်ငင် အူလေ့ရှိတဲ့ တိုက်ဆိုင်မှုအရပါ သမန်းဝံပုလွေလ လို့လည်း ခေါ်ကြပါတယ်။ သိပ္ပံပညာအရ လေထုထဲမှာ ဓာတ်ငွေ့ဖုန်မှုန့်တွေ ညစ်ညမ်းနေလေလေ လကိုပိုပြီး နီနီ မြင်ရလေလေလို့ ဆိုပါတယ်။ မြောက်အမေရိက တောင်အမေရိကနဲ့ အလယ်အမေရိက ဒေသတွေမှာ လကြတ်ခြင်း ဖြစ်စဉ် တရပ်လုံး အစအဆုံး မြင်ရမှာပါ။ ဒါပေမယ့် အာရှ သြစတြေးလျနဲ့ အိန္ဒိယ တိုက်ငယ်တို့မှာ ဒေသစံတော်ချိန် ဇန်နဝါရီ ၂၁ ရက် မနက် ဆယ်နာရီကျော်ကျော်မှာ လကြတ်မှာဖြစ်လို့ လကြတ်ခြင်းဖြစ်စဉ်ကို အပြည့်အဝ မြင်ရမှာ မဟုတ်ဘူးလို့ ကောင်းကင်စောင့်ကြည့်သူ  National Geographic အဖွဲ့ရဲ့ အစီရင်ခံစာက ဆိုပါတယ်။ ဇန်နဝါရီ ၂၀ ရက် ည ၁၁ နာရီ ၄၁ မိနစ်မှာ လုံးဝလကြတ်ခြင်း ဖြစ်စဉ်ကို မြင်ရမှာဖြစ်ပြီး ၆၂ မိနစ် ကြာအောင် မြင်ရမှာပါ။ လကြတ်ခြင်း ဖြစ်စဉ်အစအဆုံး ၃ နာရီခွဲ ကြာမြင့်မယ်လို့ NDTV သတင်းဌာနက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up