Live
Home
မြန်မာသတင်း
ရှုံးနိမ့်ခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ပြန်ခန့်သဖြင့် မုံရွာတွင် ဆန္ဒပြ
Aung Ko Latt
·
January 20, 2019
ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့သူကို ထွေအုပ်က ၄ လကျော်အကြာမှ ပြန်ခန့်တဲ့အတွက် ကြီးကြပ်ရေးအဖွဲ့နဲ့ ရပ်ကွက်နေပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သလ္လာရပ်ကွက် အုပ်ချုပ်ရေးမှုးကို တတိယအကြိမ်ပြင်ဆင်တဲ့ ရပ်ကျေးဥပဒေ၊ နည်းဥပဒေနဲ့အညီ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့က ရွေးချယ်ခဲ့ပါတယ်။ ရပ်ကွက်အတွင်း ဆယ်အိမ်မှုး ၂၄၃ ဦး၊ ရာအိမ်မှုး ၂၆ ဦးထွက်ပေါ်ခဲ့ပြီးရွေးချယ်ရာမှာ မဲလာပေးသူ စုစုပေါင်း ၁၂၄၁ မဲရှိတဲ့အထဲက ဦးကျော်ရွှေက ၁ မဲအသာနဲ့ ဦးအောင်ဆန်းလင်းကို အနိုင်ရရှိခဲ့တာပါ။ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက သြဂုတ် ၂၁ ရက်နေ့မှာပဲ ဦးကျော်ရွှေကို ရပ်ကွက်အုပ်ချုပ်ရေးမှုးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ၄ လအကြာမှာတော့ ဒေါ်ချစ်စုပါ ၂၀ ဦးက မဲရလဒ်မကျေနပ်တဲ့အတွက် တိုင်းအစိုးရအဖွဲ့ကို တိုင်ကြားမှုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာတော့ ဦးကျော်ရွှေကိုဖြုတ်ကာ ဦးအောင်ဆန်းလင်းကို ပြန်လည်ခန့်အပ်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၁၃ ရက်နေ့ကလည်း ကြီးကြပ်ရေးအဖွဲ့ကနေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။ ထူးခြားမှုမရှိတဲ့အတွက် ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ ကြီးကြပ်ရေးအဖွဲ့ဝင်တွေနှင့် ရပ်ကွက်နေပြည်သူ ၂၅၀ ဝန်းကျင်စုပေါင်းကာ ဆန္ဒပြခဲ့ကြပါတယ်။ “ဒေါ်ချစ်စုပါ ၂၀ ဦးက တိုင်တန်းတာကို အရေးတယူလုပ်ပြီး ပြည်သူ ၉၀၀ ကျော်က တိုင်တန်းတာကိုတော့ အလေးမထားဘဲ ဟိုတုန်းကပုံစံအတိုင်း အာဏာကို အလွဲသုံးစားလုပ်တဲ့အတွက် ဒီမိုကရေစီကို မျက်ကွယ်ပြုတဲ့အတွက် အခုလို လမ်းပေါ်ထွက် ဆန္ဒပြတဲ့အထိ ဖြစ်လာတာပါ”လို့ ကြီးကြပ်ရေးအဖွဲ့မှာ ပါဝင်ခဲ့သူ ဒေါ်နုက ပြောပါတယ်။ ဆန္ဒပြပွဲကို မုံရွာမြို့၊ မြို့တော်ခန်းမရှေ့ကနေ ဗိုလ်ချုပ်လမ်း၊ ကျောက္ကာလမ်း၊ ပေ ၈၀ လမ်းတို့အတိုင်း လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြပွဲမှာ တရားမဝင်ငွေတိုးပေးစားသော အုပ်ချုပ်ရေးမှုး အလိုမရှိ၊ ပါတီပုံရိပ်သုံးပြီး မဲဆွယ်စည်းရုံးသော အုပ်ချုပ်ရေးမှုး အလိုမရှိ၊ တံစိုးလက်ဆောင်ပေးပြီး မတရားစည်းရုံးသော အုပ်ချုပ်ရေးမှုး အလိုမရှိ၊ ပြည်သူ့မဲဖြင့် ရွေးချယ်ထားတဲ့ ဦးကျော်ရွှေကို ပြန်ခန့်ရေး စတဲ့ ဗီနိုင်းဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြပါတယ်။ ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြန်လည်ဖြုတ်ချခံရတဲ့ ဦးကျော်ရွှေကတော့ ခရီးလွန်နေလို့ ဆက်သွယ်မေးမြန်းခွင့်မရခဲ့သလို လက်ရှိအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းလင်းကိုလည်း ရုံးမှာ သွားရောက်ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် မြို့နယ်တာဝန်ရှိသူတွေကိုလည်း မေးမြန်းခွင့်မရခဲ့ပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024