ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးပစ်ခတ်သံများကြားရ၍ ဒေသခံများ စိုးရိမ်ထိတ်လန့်
DVB
·
January 20, 2019
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တော်ဖျားချောင်းအထက်ပိုင်း သြရမတောင်တန်း တလျှောက်မှာ လက်နက်ကြီးတွေ ပစ်ခတ်သံတွေ ကြားနေရတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
သြရမတောင်းတန်းတလျှောက် ဆင်သေ၊ သြရမ၊ ချေင်းပေါက်၊ ဝမ်းဖက်၊ သက္ကိုင်တောင် ကျေးရွာတွေက ဒီကနေ့ မနက် ၉ နာရီခွဲကနေ စတင်ကြားနေပြီး အခု သတင်းရေးနေတဲ့ အချိန်အထိ ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရလို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သက္ကိုင်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သက္ကိုင်တောင်အုပ်ချုပ်ရေးမှူးက “ကျနော်ရွာကနေပြီးတော့ တော်တော်ကျယ်ကျယ် လောင်လောင် ကြားရတာပါ။ ကျနော်တို့ ရွာကနေပြီးတော့ ၄ မိုင်လောက်တော့ ဝေးတယ်လို့ ပြောလို့ရပါတယ်။ ရွာက လူတော်တော်လေးကို စိုးရိမ်နေကြပါတယ်။ အခုအချိန်အထိ ပစ်ခတ်သံတွေ ကြားနေရတုန်း” လို့ ဒီဗွီဘီကိုပြောပါတယ်။
အခုလို တိုက်ပွဲသံတွေ ကြားနေရတာကြောင့် အပြင်ထွက်ပြီး အလုပ်မလုပ်ရဲကြတော့ဘူး လို့ ဆင်သေကျေးရွာက ဒေသခံတဦးကပြောပါတယ်။
“ဒီကနေ့ မနက် ၉ နာရီခွဲကတည်းက ပစ်ခတ်သံတွေ၊ လက်နက်ကြီး ပစ်တာတွေရော အကုန်ကြားနေရတယ်။ အခုအချိန်အထိ ကြားနေရတုန်း။ ရွာကလူတွေကတော့ တော်တော်ကို ထိတ်လန့်နေကြတယ်။ စိုးရိမ်နေကြတယ်။ ရွာအထိရောက်လာမှာကို စိုးရိမ်နေကြတယ်။ အပြင်ထွက်ပြီး အလုပ်မလုပ်ရဲကြတော့ဘူး”လို့ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းတိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ နေထိုင်သူတွေကတော့ မြို၊ ခမီ၊ ဒိုင်းနက်တိုင်ရင်းသား မျိုးနွယ်စုတွေဖြစ်ကြတယ်လို့ သက္ကိုင်တောင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သိပ်မကြာသေးခင် တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ် ယိုချောင်းအထက်ပိုင်းက ထွက်ပြေးလာတဲ့စစ်ဘေးရှောင်တွေ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြိုနယ်တွေ စစ်ဘေးရှောင် ၂၀၀၀ ကျော် ခိုလှုံနေကြပါတယ်။
ဝဏ္ဏခွာညို