Homeမြန်မာသတင်း
ရှမ်းအရှေ့တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး စာဖြေစနစ်ပုံစံသစ် ဟောပြောဆွေးနွေး
ရှမ်းအရှေ့တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး စာဖြေစနစ်ပုံစံသစ် ဟောပြောဆွေးနွေး
DVB
·
January 20, 2019
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေကို တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး စာဖြေစနစ်ပုံစံသစ်ကို တက္ကသိုလ်ဆရာဆရာမတွေက ဟောပြောဆွေးနွေးခဲ့ကြပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ မိုင်းတုံမြို့ အထက်တန်းကျောင်းခန်းမမှာ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမယ့် ၂ဝဝ လောက်ကို လာမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မှာ အောင်ချက်မြင့်မားလာစေရေး ကျိုင်းတုံတက္ကသိုလ်နဲ့ တောင်ကြီးတက္ကသိုလ်တို့က ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိကဆရာဆရာမကြီးတွေက စာမေးပွဲမေးခွန်းပုံစံသစ်ဖြေဆိုဖို့ နည်းလမ်းတွေကို ရှင်းလင်းဟောပြောခဲ့တာပါ။
ပြည်နယ်ပညာရေးမှူးရုံး(ကျိုင်းတုံ)မှ လက်ထောက်ပညာရေးမှူး ဦးတင့်ဆွေက “မေးခွန်းပုံစံ သစ်မှာ သင်ရိုးကို အလွတ်ကျက်မှတ်ဖြေဆိုတာထက် တွေးခေါ်စဉ်းစားဖြေဆို တတ်ဖို့ မေးခွန်းပုံစံတွေ ပြောင်းလဲထားပါတယ်။ ကလေးတွေစာဖြေတဲ့အခါမှာ ဘာသာရပ်အလိုက် ဘယ်လိုမေးခွန်းပုံစံမှာဖြေဆိုရမယ့် စဉ်းစားတွေးခေါ်ရမယ့် နည်းလမ်းတွေကို ပါမောက္ခ/ကထိက ဆရာဆရာမကြီးတွေကိုယ်တိုင် ခရိုင်မြို့နယ်အားလုံးကို ကွင်းဆင်း ဟောပြောဆွေးနွေး ပေးခဲ့တာပါ” လို့ ပြောပါတယ်။
ကျိုင်းတုံတက္ကသိုလ်မှ ပါမောက္ခဒေါက်တာထွန်းအောင်က “ဘာသာရပ်အားလုံးအတွက် သက်ဆိုင် ရာစာမေးပွဲမေးခွန်းထုတ်မယ့် ဆရာဆရာမတွေ ကိုယ်တိုင် ရှမ်းအရှေ့တခုလုံး အောင်ချက်ရာခိုင်နှုန်းမြင့်မားလာစေဖို့နဲ့ မေးခွန်းပုံစံသစ်ကို နားလည်ဖြေဆိုတတ်စေဖို့ ရှင်းလင်းဆွေးနွေးပြီး တွေးခေါ်စဉ်းစားပုံနည်းလမ်းတွေကို သိမြင်လာအောင် ပို့ချဆွေးနွေးခဲ့ကြတာပါ” လို့ ဆိုပါတယ်။
ရှမ်းအရှေ့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမြင့်မားလာစေဖို့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ၂ဝ၁၈ ခုနှစ် ဒီိဇင်ဘာ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးခရီးစဉ်အတွင်း လမ်းညွှန်ချက်အရ ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
အောင်ဇေယျ