အင်းချောင်းအတွင်း အဆိပ်ဆေးချမှု ဒေသခံများ စိုးရိမ်
DVB
·
January 19, 2019
ရွှေကျင်မြို့နယ် အင်းချောင်းအတွင်း အဆိပ်ဆေးချမှုကြောင့် ရေနေသတ္တ၀ါ သေဆုံးတာတွေ ရှိနေလို့ ချောင်းရေကို အသုံးပြုနေကြတဲ့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ခြေတော်ရာကျေးရွာ မန်းထွန်းအင်းချောင်းအတွင်း ဇန်နဝါရီ ၈ ရက်နေ့က အဆိပ်ဆေးချ ဆေးခတ်မှုတွေ ရှိနေတာကြောင့် ငါးတွေ သေဆုံးခဲ့သလို ချောင်းရေကို မှီခိုအသုံးပြုနေတဲ့ ဒေသခံတောင်သူတွေ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
ခြေတော်ရာ ကျေးရွာအနောက်ဘက် ကျေးရွာက မန်းထွန်းအင်းချောင်းကို အမှီပြုပြီး အသုံးပြုနေတဲ့ ဆိပ်နွားကောင်ရေ ၂၀၀ ကျော်အတွက် စိုးရိမ်မှုတွေ ရှိနေသလို သောက်သုံးရေအတွက်ပါ အခက်အခဲဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျနော်ဆို နွားကိုးကောင်ရှိတယ်၊ ဒီချာင်းထဲကရေကိုပဲ အသုံးပြုနေရတာ။ ခုလို အထက်ကဆေးချသွားတော့ ကျနော်တို့အောက်က တောင်သူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေ ဒီရေကို သောက်မိမှာကို စိုးရိမ်နေရတယ်” လို့ တောင်သူဦးဟန်မျိုးကပြောပါတယ်။
အင်းချောင်းအတွင်း အဆိပ်ချဆေးချမှုတွေကြောင့် ရေနေသတ္တဝါတွေ သေဆုံးခဲ့တာကြောင့် ဆုံးရှုံးမှုတွေ ရှိနေသလို အင်းချောင်းအတွင်း ငါမျိုးပျက်သွားနိုင်တယ်လို့ မန်းထွန်းအင်းသူကြီး ဦးမျိုးဝင်းအောင်က ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှုဖွင့်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မြို့နယ်ငါးလုပ်ငန်းဦးစီးရုံးက သိရပါတယ်။