ထိုင်းရဲယောင်ဆောင်ပြီး တရားမ၀င်အလုပ်သမားများထံ ငွေညှစ်သည့်ဂိုဏ်းကို ဖမ်းဆီး
နန်းမြနဒီ
·
January 19, 2019
ရဲဝန်ထမ်းအယောင်ဆောင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ တရားမ၀င် အလုပ်သမားတွေထံ လိုက်လံငွေညှစ်ခဲ့တဲ့ ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးရမိကြောင်း တာဝန်ရှိရဲတွေက ဘန်ကောက်ရှိ မှုခင်းနှိမ်နင်းရေးဌာနရှေ့မှာ ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ သတင်းစာရှင်းလင်းခဲ့ပါတယ်။
ထိုင်းအရှေ့မြောက်ပိုင်း ဆီစကစ်ခရိုင်မှ အသက် ၂၉ နှစ်ရွယ်ရှိ နိုင်းဦရ ခေါ် ဘွန်းလ် စနော ဆိုသူနဲ့ အပေါင်းပါ ၄ ဦးမှာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလ နဲ့ ဇူလိုင်လတွေမှာ ချချိန်းဆောင်းခရိုင် ဘန်ပကုံမြို့နယ်ရှိ ရွှေ့ပြောင်းအလုပ်သမားများနေထိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို ရဲတွေလို ၀င်ရောက်စစ်ဆေးပြီး ငွေညစ်ခဲ့တာကြောင့် ဖမ်းရမ်းထုတ်ခံထားရတာ ဖြစ်ပါတယ်။
သူ့ကိုယ်သူ ရဲတပ်ကြပ်ကြီးလို့ ပြောတဲ့ ဘွန်းလ်ဟာ အပေါင်းပါ ၄ ဦးနဲ့ ဟိုင်းလပ်ကား ၂ စီးကို အသုံးပြုပြီး အဆိုပါဆောက်လုပ်ရေး လုပ်ငန်းခွင်တွေဆီ ၀င်ရောက်စစ်ဆေးကြောင်း၊ တရားမ၀င်သူတွေတွေ့ရှိက ဥပဒေအရ အရေးမယူစေလိုရင် ဒဏ်ငွေအဖြစ် ဘတ် ၁ သောင်း ၂ ထောင် ကောက်ခံခဲ့ကြောင်း၊ ဒါ့အပြင် တရားမ၀င်အလုပ်သမားတွေဆီက တဦးကို ဘတ် တစ်ထောင်စီ လိုင်းကြေးအဖြစ် ဆောက်လုပ်ရေးလုပ်ငန်း မပြီးမချင်း ကောက်ခံခဲ့တယ်လို့ ဆိုပါတယ်။
နိုင်းဘွန်းလ်ရဲ့ အပေါင်းပါ ၄ ဦးကိုတော့ ဒီမတိုင်ခင်က ဖမ်းဆီးအရေးယူခဲ့ပြီဖြစ်ပြီး နိုင်းဘွန်းကိုတော့ ဇန်န၀ါရီ ၁၇ ရက်နေ့ကမှ နွန်ထပူရီမြို့ ဘန်ကဆော်ရပ်ကွက်ရှိ အက်စ်ပလာနတ် ကုန်တိုက်ကြီးထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။