ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် ကစားသမားများ တိုက်တွန်း

934
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ အိုလီဂန်နာဆိုးလ်ရှားကို အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ကစားသမားတွေနဲ့ အသင်းရဲ့ ဝန်ထမ်းတွေအားလုံးက လိုလားနေတယ်လို့ သိရပါတယ်။
၆ ပွဲကစားပြီး ၆ ပွဲစလုံးအနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်တဲ့ ဆိုးလ်ရှားဟာ အားနည်းနေတဲ့ အသင်းကို အားဖြည့်ပေးလိုက်သလို ဖြစ်ခဲ့တယ်လို့တောင် တင်စားပြောဆို နေကြပါတယ်။
မောရင်ဟိုလက်ထက်မှာ သိသိသာသာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ပေါ့ဘာဟာလည်း ၅ ပွဲကစားရာမှာ ၄ ဂိုးသွင်းပြီး ၄ ဂိုးဖန်တီးခဲ့သလို တိုက်စစ်မှူး လူကာကူလည်း ဂိုးပေါက်ပြန်တွေ့ လာခဲ့ပါတယ်။
ကစားသမားဘဝထဲက လူစားဝင်ရောက်လာချိန်တိုင်း မန်ချက်စတာယူနိုက်တက် အသင်းအတွက် အနိုင်ဂိုးတွေ သွင်းပေးလေ့ရှိတဲ့ ဆိုးလ်ရှားဟာ လက်ရှိမှာလည်း ရလဒ်ဆိုးတွေထဲကနေ ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဆိုးလ်ရှားရဲ့ နည်းစနစ်နဲ့ အသင်းကို ထိန်းကျောင်းပုံတွေဟာ ကစားသမားတွေနဲ့ အံ့ဝင်တာကြောင့် ရာသီကုန်မှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေးကို တသင်းလုံးက တိုက်တွန်းနေတာပဲ ဖြစ်ပါတယ်။