စစ်တပ်ပိုင် ကပစ စက်ရုံက သိမ်းထားသည့် လယ်ယာမြေကိစ္စ ကွင်းဆင်းစစ်ဆေး
DVB
·
September 18, 2012
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာ ၁၃ ရွာက လယ်ယာမြေတွေကို ကာကွယ်ရေးဝန်ကြီးဌာန စစ်ပစ္စည်းထုတ်လုပ်ရေး စက်ရုံ (ကပစ) အမှတ် ၈ က သိမ်းယူထားတယ်ဆိုတာ မှန် မမှန် လွှတ်တော်အမတ် ၄ ယောက် စက်တင်ဘာ ၁၆ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ရွာခံတွေက ပြောပြကြပါတယ်။
ဂန့်ဂေါ မဲဆန္ဒနယ်က အမတ် ဦးလှဌေး၊ မကွေး မဲဆန္ဒနယ်က ဦးမြင့်သိန်း၊ ဆင်ပေါင်ဝဲ မဲဆန္ဒနယ်က ဦးအေးနိုင်နဲ့ ဦးမြတ်အောင် ပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၄ ယောက်ဟာ ယာမြေများ အသိမ်းခံရတဲ့ ဘော်မြင့်၊ မန်းကျီးပင်ပု၊ ကျွဲခြံ၊ ၀ါးရှိနဲ့ ကျေးရွာ ၁၃ ရွာက တောင်သူတွေနဲ့ မန်းကျီးစန်းရွာမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်က ကာကွယ်ရေးဝန်ကြီးဌာန (ကပစ) အမှတ် ၈ ဟာ စက်ရုံဆောက်ဖို့ ဆိုပြီး ဒီကျေးရွာတွေက လယ်မြေ ဧက ၁၂၇၀၀ ကို လျော်ကြေး တစုံတရာ မပေးဘဲ သိမ်းယူခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။