Home
မြန်မာသတင်း
အမြန်လမ်းယာဉ်တိုက်မှုများတွင် လူကြောင့်ဖြစ်ပွားမှု အများဆုံးဟု ရဲတပ်ဖွဲ့မှူးရုံးထုတ်ပြန်
DVB
·
January 18, 2019
၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေမှာ ကားမောင်းသူတွေရဲ့ ချို့ယွင်းချက်ကြောင့် အများဆုံးဖြစ်တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။ အမြန်လမ်းမှာ ၂၀၁၈ ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၄၀၀ ကျော်ဖြစ်ပွားခဲ့တဲ့အနက် ယာဉ်မောင်းချို့ယွင်းချက်ကြောင့် ဖြစ်ပွားခဲ့တာက အမှုပေါင်း ၃၆၇ မှုထိ ရှိပါတယ်။ ယာဉ်မောင်း ချို့ယွင်းချက်ထဲမှာ အရှိန်လွန်မောင်းတာ ၁၁၇ မှု၊ အိပ်ငိုက်တာက ၆၃ မှု၊ လမ်းကူးသူ ပေါ့ဆတာက ၃ မှု၊ ဆိုင်ကယ်ပေါ့ဆတာက ၆၃ မှု၊ မဆင်မခြင်မောင်းတာက ၆၁ မှု၊ စုစုပေါင်း ၃၇၆ မှုဖြစ်ပါတယ်။ ဇန်နဝါရီကနေ ဒီဇင်ဘာအထိ ယာဉ်မတော်တဆ ဖြစ်ပွားခဲ့တဲ့အကြောင်းအရင်းကတော့ ယာဉ်ချို့ယွင်းချက်ကြောင့် ကားတိုက်မှုဖြစ်တာက ၉၈ မှုရှိပြီး ဒီထဲမှာ ကားဘီးပေါက်လို့ ယာဉ်တိုက်မှုဖြစ်တာ ၈၁ မှုနဲ့ အများဆုံးဖြစ်ပါတယ်။ ကားလမ်းချို့ယွင်းချက်ကြောင့် ယာဉ်တိုက်မှု ၉ မှု ဖြစ်ပွားခဲ့ပြီး လမ်းချော်တာ ဖြစ်ပါတယ်။ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးအနေနဲ့ ၂၀၁၈ ခုနှစ်အတွင်း မဆင်မခြင်မောင်းနှင်မှု ၁၈၁ မှု၊ သာမာန် ဒဏ်ရာ ၉၇ မှု၊ အပြင်းအထန်ဒဏ်ရာ ၁၂၆ မှု၊ လူသေမှု ၇၀ တို့ကို အမှုဖွင့်အရေးယူထားပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ အမြန်လမ်းမပေါ် ခရီးသွားလာစဉ် စိတ်လုံခြုံမှု ရရှိစေရေး ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်တွေက ကူညီဝန်ဆောင်မှု ပေးဖို့ ၂၄ နာရီ အသင့်စောင့်ကြိုနေပြီး ပြည်သူတွေက ပူးပေါင်းပါဝင်ကူညီကြဖို့ အမြန်လမ်းတပ်ဖွဲ့ရုံးက  ဖိတ်ခေါ် ပန်ကြားထားပါတယ်။ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ၄ နှစ်တာကာလအတွင်း အမြန်လမ်း ယာဉ်မတော်တဆမှုမှာ လူ ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ယာဉ်မတော်တဆမှု ၉၃ ရာခိုင်နှုန်းကျော်ဟာ ယာဉ်မောင်းစည်းကမ်းပျက်မှုကြောင့် ဖြစ်ပွားရတာလို့ ပို့ဆောင်ဆက်သွယ်ရေး ဒုဝန်ကြီးက လွှတ်တော်မှာပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024