Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ် ဇီးကုန်းတွင် ဦးပိုင်ကုမ္ပဏီကို ဒေသခံများဆန္ဒပြ
DVB
·
January 18, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အနီးမှာ ဦးပိုင်ကုမ္ပဏီကနေ သကြားစက်နဲ့ အရက်ချက်စက်ရုံအတွက် သိမ်းဆည်းထားတဲ့မြေတွေနဲ့ ပတ်သက်ပြီး နစ်နာကြေးပေးဖို့  ဒေသခံ ၁၀၀ ကျော်က ဒီကနေ့ ဆန္ဒပြပါတယ်။ ဇီးကုန်းမြို့အနီးရှိ မြေယာကွက်တွေကို မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီကနေ သကြားစက်ရုံနဲ့  အချက်စက်ရုံအတွက်ဆိုပြီး ၁၉၉၉ ခုနှစ်ကတည်းက သိမ်းယူခဲ့တာပါ။ ဒီမြေတွေနဲ့ပတ်သက်လို့ ပိုလျှံမြေတွေကို ပုံစံ (၇)နဲ့ တကွ မူလတောင်သူတွေကို ပြန်ပေးဖို့၊ အဆောက်အအုံဆောက်လုပ်ထားတဲ့မြေတွေအတွက် ကာလပေါက်ဈေးနဲ့ အညီ လျော်ကြေး ပေးအပ်ရေးတို့အတွက် ဒေသခံ ၁၀၀ ကျော်က ဇီးကုန်းမြို့ကို လှည့်လည်ပြီး စက်ရုံရှေ့ သွားရောက်ကာ ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲဦးဆောင်သူ ပျဉ်းတော်ရွာက ကိုဇော်လတ်က "အနှစ် ၂၀ ဝန်းကျင်ရှိပြီ။ ဘာမှ ဖြေရှင်းပေးတာ မရှိသေးဘူး။ ဆန္ဒပြတာလည်း နှစ်ကြိမ်ရှိပြီ။ ဘာမှထူးခြားတာ မရှိဘူး။ စက်ရုံမှူးနဲ့ ညှိနှိုင်းတာတော့ အထက်ကပေးဆိုရင်တော့ ပေးမယ်လို့တော့ ပြောတယ်။ အရင်က မြေပိုင် ယာပိုင် အခုတော့ ကြုံရာကျပန်း လုပ်စားနေရတယ်။ နိုင်ငံတော်က ကွင်းဆင်းပြီး အမြန်ဆုံး ဖြေရှင်းပေးစေချင်ပါတယ်။"လို့ ပြောပါတယ်။ ဒီမြေယာတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေပါတဲ့ မြို့နယ် လယ်မြေစစ်အဖွဲ့တွေကတော့ တိုင်းအဆင့်ထိ တင်ထားပြီးပြီလို့ ဆိုပါတယ်။ ဇီးကုန်းမြို့ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်သူဟန်ထွန်းက "ဒီကိစ္စကို လွှတ်တော်မှာတော့ မေးမြန်းတာ မရှိသေးဘူး။ မြေပြန်စစ်တွေကနေ လုပ်နေတယ်။ တိုင်းအဆင့်ထိ တင်ပြီးသွားပြီ။ တိုင်းကလည်း သဘောထားမှတ်ချက်ပြုပြီး ဗဟိုကို တင်ထားတယ်လို့ သိရတယ်။ ဗဟိုက ပြန်မကျသေးတာ။"လို့ ပြောပါတယ်။ ဦးပိုင်ကုမ္ပဏီကနေ သိမ်းဆည်းထားတဲ့မြေက ပျဉ်းတော်၊ ထန်းတပင်၊ ချောင်းကန်၊ သလဲဦးစတဲ့ ရွာတွေအပြင် အခြားရွာတွေက ဒေသခံတောင်သူ ၁၈၃ ဦးရဲ့ စုစုပေါင်း မြေယာဧက ၁၁၀၀ကျော် ရှိတယ်လို့ သိရပါတယ်။ အများစုက လယ်မြေတွေဖြစ်ပြီး ယာမြေတွေ၊ ရေကန်တွေလည်းပါဝင် ပါတယ်။ သိမ်းဆည်းမြေတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာက ဒီနေ့အထိ ဘာတခုမှ ပြေလည်အောင် ဖြေရှင်းပေးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဆန္ဒပြပွဲမှာ ဒေသခံတောင်သူတွေကတော့ ကျောက်မီးသွေးအသုံးပြုတဲ့ အရက်ချက်စက်ရုံဖျက်သိမ်းရေး၊ ပိုလျှံမြေတွေကို ပုံစံ (၇)နဲ့တကွ မူလတောင်သူတွေ ပြန်ပေးရေး၊ သိမ်းဆည်းစဉ်ကနေ ဒီနေ့ထိ သီးနှံနစ်နာကြေးပေးရေး ကြွေးကြော် တောင်းဆိုကြပါတယ်။ ကုမ္ပဏီကတော့ စက်ရုံဝင်ပေါက်ကို ကြံတင်တဲ့ကားတွေနဲ့ ပိတ်ဆို့ထားတဲ့အပြင် ကျောက်မီးသွေးအသုံးမပြု၊  ကြံဖတ်ဘွိုင်လာနဲ့ သကြားနှင့် အီသနော ချက်နေသည်၊ အဖျက်သမားအလိုမရှိ စတဲ့ စာတန်းတွေပါတဲ့ ပိုစတာတွေကိုလည်း အဝင်ဝမှာ ကပ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024