ကမ္ဘာကြီး ပူနွေးလာမှုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ရေခူများ ပျံ့နှံ့လာ (ရုပ်သံ)
Published By
DVB | 18 January, 2019
1.2K
0
Share
0
Comment
0
Likes
VIDEO
ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ရေခူတွေ ပျံ့နှံ့လာပုံကို ပါရီငါးပြတိုက်က ဇန်နဝါရီ ၁၆ ရက်နေ့မှာ မီးမောင်းထိုး ရှင်းပြခဲ့ပါတယ်။
ပါရီငါးပြတိုက်မှာ လက်ရှိ ရေခူမျိုးစိတ် ၄၅ မျိုးရှိပါတယ်။ သမုဒ္ဒရာအတွင်းရှိ ဇီဝမျိုးကွဲတွေအပေါ်မှာ ကမ္ဘာကြီးပူနွေးမှုရဲ့ သက်ရောက်မှုကို မီးမောင်းထိုးပြလိုတဲ့ ရည်ရွယ်ချက်နဲ့ ငါးပြတိုက်အတွင်း အဲဒီရေခူမျိုးစိတ်တွေကို ပြသထားတာပဲ ဖြစ်ပါတယ်။
ပါရီငါးပြတိုက် ညွှန်မှူး အဲလစ်ဇီက “ရေခူကောင်ရေဟာ ပိုပိုပြီး များလာပါတယ်။ အကြောင်းက ရေခူကောင်ရေဟာ အပူချိန်အပြောင်းအလဲ၊ ဒါမှမဟုတ် ကမ္ဘာ့နေရာတချို့မှာ မုတ်သုံမိုးကြောင့် ပင်လယ်ရေမှာ ဆားဓာတ်ပါဝင်မှု အပြောင်းအလဲကို ထိန်းညှိပေးလို့ပါပဲ။ နှစ်သန်းချီ ကြာလာတဲ့အခါ ဒီလက္ခဏာတွေ ပျောက်ကွယ်လာပြီး ရေခူတွေ ပျံ့နှံ့လာတယ်။ ရေခူတွေ ပျံ့နှံ့လာတာဟာ ကမ္ဘာကြီးပူနွေးလာတဲ့ အမှတ်အသား ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရေခူတွေဟာ ထီးပုံသဏ္ဌာန် ကိုယ်ခန္ဓာရှိတဲ့ ချွဲကျိကျိ ရေသတ္တဝါဖြစ်ပြီး သက်တမ်းအားဖြင့် တနှစ်ခန့် ရှင်သန်ကြပါတယ်။
သူတို့လက်တံတွေနဲ့ ထိတွေ့မိပါက မျိုးစိတ်ပေါ်မူတည်ပြီး အနည်းငယ် ယားယံတာကနေ အသက်အန္တရာယ် ရှိလောက်တဲ့ ဒဏ်ရာရတဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ်။
ရေခူပြတိုက် လာရောက်လေ့လာသူ မာရီယမ်ရူဂါယာက “ရေခူတွေဟာ ကမ္ဘာကြီး ပူနွေးလာမှုရဲ့ အမှတ်အသားဖြစ်တယ် ဆိုတာကို ကျမတို့ သိလာရတယ်။ ဒါတွေက လျှောက်ပြောတာသက်သက်လို့ အတော်များများက ထင်ကြတယ်။ ဒါပေမယ့် သက်သေသာဓက ရှိထားပါပြီ” လို့ ပြောပါတယ်။
ပင်လယ်အပူချိန်နဲ့ ညစ်ညမ်းမှု မြင့်တက်တာဟာ ရေခူတွေစားသုံးတဲ့ ပင်လယ်တွင်းရှိ မျောလှေးတွေကို ကြီးထွားစေပြီး အထူးသဖြင့် ပင်လယ်နက်နဲ့ ဘော်လ်တစ်ဒေသမှာ ရေခူကောင်ရေကို သိသိသာသာ မြင့်တက်စေတယ်လို့ ပါရီငါးပြတိုက် ကျွမ်းကျင်သူတွေက ပြောကြားပါတယ်။