Live
Home
မြန်မာသတင်း
စစ်ကွင်းမြို့လျှပ်စစ်မှူးကို အဂတိလိုက်စားမှုဖြင့် အရေးယူ
DVB
·
January 18, 2019
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့လျှပ်စစ်မှူး ဦးဝင်းဗိုလ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူလိုက်တယ်လို့  မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကြေညာပါတယ်။ စစ်ကွင်းမြို့၊ ရှမ်းကုန်းကျေးရွာ မီးလင်းရေး ကိစ္စဆောင်ရွက်ရာမှာ အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတောင်းခံခဲ့တဲ့အတွက် လျှပ်စစ်မှူး ဦးဝင်းဗိုလ်ကို အရေးယူပေးဖို့  နစ်နာသူတွေက ကော်မရှင်ကို တိုင်ကြားခဲ့တဲ့အမှုဖြစ်ပါတယ်။ တိုင်ကြားစာအရ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ ဦးဝင်းဗိုလ်ဟာ ရှမ်းကုန်းရွာ လျှပ်စစ်မီးလင်းရေးအတွက် အထက်ဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ရှမ်းကုန်းရွာအတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း တည်ဆောက်ရာမှာ ငွေကျပ် သိန်း ၁၂၀ နဲ့ ကန်ထရိုက်လုပ်ငန်းသဖွယ် လက်ခံဆောင်ရွက်ခဲ့ပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ကော်မရှင်က ဆိုပါတယ်။ ဒါ့အပြင် ရှမ်းကုန်းရွာမီးလင်းရေးကော်မတီက လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ၂၀၁၆ ခုနှစ်အတွင်း ကျပ် ၃၅၀၀၀ဝကို သုံးကြိမ်ခွဲ တောင်းခံရယူခဲ့တာ၊ ၂၀၁၈ ခုနှစ်မှာ 11KV ဓာတ်အားလိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေ ထုတ်ယူဖို့အတွက် လမ်းခရီးစရိတ် ငွေကျပ် ၁၀၀၀၀ဝ နဲ့ 11KV ဓာတ်အားလိုင်းအတွက် အစိုးရဘတ်ဂျက်နဲ့ မလုံလောက်လို့ဆိုပြီး ကျပ် ၅၀၀၀၀ဝ ထပ်တောင်းတာ စတဲ့ ရာထူးတာဝန်အရပေးအပ်တဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး အဂတိလိုက်စားမှုတွေ ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မှူး ဦးဝင်းဗိုလ်ကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ စစ်ကွင်းနယ်မြေရဲစခန်းက ဇန်န၀ါရီ ၁၇ ရက်က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပဲခူးတိုင်းအတွင်း အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး တိုင်စာပေါင်း ၁၂၉ စောင်လောက်ရှိပြီး ၈၀ ကျော်လောက်ကိုတော့ စိစစ်ပြီးဖြစ်တယ်လို့ ပဲခူးတိုင်းဝန်ကြီးချုပ်က ပြောကြားထားပါတယ်။ ဓာတ်ပုံ-ACC

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024