ညီငယ်အား မချီနိုင်သဖြင့် အိတ်ထဲထည့်ရန် ကြိုးစားသည့် ကလေးငယ်ရုပ်သံ ရေပန်းစား

ထိုင်းနိုင်ငံမှာ ညီလေးကို မချီနိုင်တော့လို့ အနီးနားဆိုင်တခုက အိတ်ငှားပြီး အိတ်ထဲထည့်ယူ သွားဖို့ ကြိုးစားတဲ့ ကလေးတယောက်အကြောင်း ရုပ်သံ ရေပန်းစားနေပါတယ်။ အဲဒီဗွီဒီယိုဖိုင်ကို Therabbit Isme ဆိုသူက ဇန်နဝါရီ ၁၅ ရက်နေ့က သူ့ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့ပြီး နှစ်ရက်အတွင်း ဝင်ကြည့်သူပေါင်း ၂ သန်းကျော်သွားပါတယ်။ ဗွီဒီယိုထဲမှာ ၆ နှစ်အရွယ် ကလေးငယ် ၁ ယောက်က လသားရွယ်ညီလေးကို ပွေ့ချီလာပြီး လက်ညောင်းလာတာနဲ့ အနီးက ဆိုင်တဆိုင်ဘေးမှာ ထိုင်ချလိုက်ကာ အိတ်ရောင်းတဲ့ဆိုင်က အိတ် ၁ လုံးကို ငှားရမ်းနေပါတယ်။ အဲဒီကလေးက ညီလေးကိုချီလာတာ လက်တွေနာလာလို့ မနိုင်တော့ကြောင်း၊ ဒါကြောင့် ချိတ်ဆွဲထားတဲ့ အိတ် ၁ လုံးကို လက်ညှိုးထိုးပြီး ညီလေးကို ထည့်သွားဖို့ ခနငှားကြောင်း၊ ပြီးရင် ပြန်ပို့မယ့်အကြောင်း ပြောပါတယ်။ ဆိုင်ရှင်က ကလေးကို အိတ်ထဲထည့်လို့ မရကြောင်း၊ ခနအနားယူပြီး အညောင်းသက်သာမှ ပြန်ချီသွားဖို့ ပြောရာ အဲဒီကလေးက "ညီလေးလည်း နို့ဆာနေပြီ၊ ဒါဆို အင်္ကျီထဲပဲ ထည့်ယူသွားမယ်" လို့ ပြောပါတယ်။ ဆိုင်ရှင်က "အင်္ကျီထဲထည့်သွားရင် အင်္ကျီစုတ်ပြဲသွားမှာပေါ့၊ အမေရိုက်လိမ့်မယ်၊ ထည့်လို့မရဘူး" လို့ ပြောရာမှာ ကလေးဟာ "ဟိုလိုလည်း မရဘူး၊ ဒီလိုလည်းမရဘူးဆိုတော့  ဒါဆို ဘယ်လိုလုပ်မှာလဲ" ဆိုပြီး ငိုချလိုက်ပါတော့တယ်။ ကလေးက ငိုနေပေမယ့် ဆိုင်ရှင်က ချစ်စနိုးနဲ့ ဆက်လက် ကျီစယ်နေတာကို ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ဥဒရာဒစ်ခရိုင် ဥဒရာဒစ်မြို့ရှိ ဈေးပွဲခင်းတခုထဲမှာ ဖြစ်ပြီး ကလေးရဲ့မိခင်က အဲဒီနေရာနဲ့ မလှမ်းမကမ်းမှာ သင်္ဘောသီးထောင်း ရောင်းနေတာပါ။ နောက်ဆုံးတော့ အိတ်ရောင်းသူကပဲ ကလေးကို ပွေ့ချီပြီး သူတို့မိခင်ဆီ ဘေးကင်းစွာ လိုက်ပို့ပေးလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up