တော့တင်ဟမ်ဟော့စပါး ကွင်းလယ်လူ ဒမ်ဘီလီဟာ တရုတ်ကလပ် ဂွမ်ဇူးအသင်းကို ပေါင် ၁၁ သန်းနဲ့ အပြီးသတ် ရောက်ရှိသွားပါတယ်။
ဒမ်ဘီလီဟာ စပါးအသင်းနဲ့ ၆ လ သက်တမ်းစာချုပ်ပဲ ကျန်ရှိတော့တာဖြစ်ပြီး ဒမ်ဘီလီအနေနဲ့ အနာဂတ်မှာ အဆင်ပြေ အောင်မြင်ပါစေလို့ စပါးအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒမ်ဘီလီဟာ အခုနှစ်ဘောလုံးရာသီမှာ ၁၃ ပွဲပဲ ကစားခဲ့ရပြီး ဆစ်ဆိုကိုနဲ့ ဟယ်ရီဝင့်ခ်တို့က အဓိကပွဲထွက်ခွင့် ရခဲ့ပါတယ်။
အသက် ၃၁ နှစ်ရှိ ဘယ်လ်ဂျီယံကစားသမား ဒမ်ဘီလီဟာ နည်းပြ စတိုဂျိုကိုဗစ် အပါအဝင် အသင်းသားတွေနဲ့လည်း ဇန်နဝါရီ ၁၇ ရက်က မိတ်ဆက်စကား ပြောကြားခဲ့ပါတယ်။
ဒမ်ဘီလီဟာ ၂၀၁၂ ခုနှစ်ကတည်းက ဖူလ်ဟမ်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး စပါးအသင်းအတွက် ၇ နှစ်ကြာ ကာလအတွင်းမှာ စုစုပေါင်း ၂၄၂ ပွဲကစားပြီး ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။