သူလျှိုလုပ်မှုဖြင့် အမေရိကန် ကမ်းတက်တပ်သားဟောင်းကို ဖမ်းဆီးထားဟု ရုရှားပြော

604
ရုရှားအစိုးရက အမေရိကန် ကမ်းတက်တပ်သားဟောင်း ပေါလ်ဝှီလန်ကို ရုရှားနိုင်ငံထဲမှာ သူလျှိုလုပ်မှုနဲ့ ဖမ်းထားတယ်လို့ ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။
သူဟာ ရုရှားမြို့တော် မော်စကိုက ဟိုတယ်ခန်းထဲမှာ တရားမဝင်တဲ့ လှုပ်ရှားမှုတွေ လုပ်နေတုန်း လက်ပူးလက်ကြပ် ဖမ်းမိတာလို့လည်း ပြောပါတယ်။
အမေရိကန် ကမ်းတက်တပ်သားဟောင်း ဝှီလန်ဟာ ဗြိတိန်၊ ကနေဒါနဲ့ အိုင်ယာလန် နိုင်ငံကူးလက်မှတ်တွေကိုလည်း ကိုင်ဆောင်ထားသူပါ။
သူ့ကို ရုရှားပြည်ထောင်စု လုံခြုံရေးဌာနက ဒီဇင်ဘာ ၂၈ ရက်မှာ ထိန်းသိမ်းခဲ့ပါတယ်။
သူ့မိသားစုကတော့ သူ့မှာ အပြစ်မရှိဘဲ မင်္ဂလာပွဲတခုတက်ဖို့ မော်စကိုကို ရောက်နေတာလို့ ပြောပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗ်ရော့ဗ်ကတော့ သူ့ကို လက်ပူးလက်ကြပ် ဖမ်းမိတာလို့ ဇန်နဝါရီ ၁၆ ရက် သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။