ဆွစ်ဇာလန်တွင် နှင်း အကြီးအကျယ်ကျဆင်း၊ နှင်းထုပြိုမှု သတိပေးချက် ထုတ်ပြန်

ဆွစ်ဇာလန်နိုင်ငံတလွှား ကျယ်ပြန့်တဲ့ နေရာတွေမှာ လတ်တလောရက်တွေအတွင်း နှင်းတွေ အကြီးအကျယ်ကျဆင်းလို့ အကြီးစား နှင်းထုပြိုမှု သတိပေးချက် ထုတ်ပြန်ထားရပါတယ်။ ဒါကြောင့် မတော်တဆ ဖြစ်ရပ်တွေကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ နိုင်ငံတောင်ပိုင်းက အဲ့လ်ပ်စ်တောင်တန်းဒေသမှာ ဇန်နဝါရီ ၁၅ ရက်ကစပြီး ဖောက်ခွဲမှုတွေ ထိန်းထိန်းသိမ်းသိမ်း လုပ်ရင်း နှင်းထုတွေ ဖြိုချနေရပါတယ်။ ရဟတ်ယာဉ်ဝန်ထမ်းတွေက ဂရီမန့်ဇ်ခ် နှင်းလျှောစီးစခန်းနားက တောင်ထိပ်မှာ ဖောက်ခွဲရေးပစ္စည်းတွေကို ချခဲ့ပါတယ်။ အဲဒီနောက် တောင်စောင်းတလျှောက် နှင်းထုပြိုကျမှု ၃ ခုကို ရုပ်သံရိုက်ကူးခဲ့ပါတယ်။ မလိုလားအပ်တဲ့ နှင်းပြိုမှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆွစ် တောင်တန်းတလွှား အစိတ်အပိုင်း အမျိုးမျိုးမှာ ခုလို ဆက်ပြီး ဖြိုချသွားနေတယ်လို့လည်း ရိုက်တာ သတင်းဌာနက ထုတ်ပြန်ပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို လက်ခံကျင်းပတာ မလုပ်ခင် သီတင်းတပတ်အလိုမှာ ခုလို ဖြိုချနေတာပါ။ နိုင်ငံအရှေ့ပိုင်း ဒါဗို့စ်စည်ပင်ဒေသမှာ နှင်းထုတွေကို သက်ဆိုင်ရာက ဖြိုချနေချိန်အတွင်း ပြည်သူတွေ အိမ်အောက်ထပ်မှာ နေပြီး ပြတင်းတံခါးတွေ ပိတ်ထားကြဖို့ အကြံပြုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up