လောကကို အလှဆင်သူ (သို့) ရိုးရာအကသင်သည့် စေတနာရှင် ထိုင်းဆရာမလေး

ဓာတ်ပုံ - Sittipoj Kebui
ပန်နက်သာ ချီယူးခမ်ဟာ ငယ်စဉ်ကလေးဘဝတည်းက စာသင်ပေးတဲ့ ကျောင်းဆရာမလေးတယောက် ဖြစ်ချင်ခဲ့ပြီး လက်ရှိမှာတော့ ဒီအိပ်မက်နဲ့ဆန္ဒဟာ ပြည့်ဝခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ခလစာရရှိတဲ့ အမြဲတမ်းခန့် ဆရာမတယောက်တော့ ဖြစ်ခွင့်မရသေးပါဘူး။ အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ ပန်နက်သာဟာ မောင်ခရိုင်ထဲက ဝပ်နွန်ဖိုင် စာသင်ကျောင်းမှာ ထိုင်းရိုးရာအကကို လုပ်ခလစာမရဘဲ အခမဲ့ သင်ကြားပေးနေခဲ့တာပါ။ သူငယ်တန်းကနေ ၆ တန်းထိ ကလေးတွေကို သင်ကြားပေးနေတာဖြစ်ပြီး ရိုးရာအကသင်ကြားသူ ကျောင်းသားကျောင်းသူဦးရေ ၈၁ ဦးလောက် ရှိနေတာ ဖြစ်ပါတယ်။ ပန်နက်သာဟာ ထိုင်းရိုးရာအက ဘာသာရပ် အထူးပြုနဲ့ နရေးဆဝမ်တက္ကသိုလ်ကနေ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဘွဲ့ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သူဟာ နေထိုင်ရာ ဖီချစ်ခရိုင်ထဲမှာ ဆရာမအလုပ်အတွက် ရှာဖွေခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ရိုးရာအကသင်ကြားဖို့ လိုအပ်တဲ့ ဒီကျောင်းကလေးကို တွေ့ရှိခဲ့တာပါ။ သူ့နေအိမ်ကနေ ၁၅ ကီလိုမီတာလောက် ဝေးတဲ့ ဒီစာသင်ကျောင်းကလေးမှာ ရိုးရာအကပညာကို သင်ကြားပေးဖို့ လိုအပ်ပေမယ့် ရန်ပုံငွေမရှိဘဲ ဖြစ်နေခဲ့တဲ့အတွက် စေတနာ့ဝန်ထမ်း ဆရာမလေးအဖြစ် စတင်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ “ကျမရဲ့ကလေးတွေကို ထိုင်းရိုးရာယဉ်ကျေးမှုကို မြတ်နိုးတတ်စေဖို့ သင်ကြားပေးနေတာပါ။ အနောက်ကမ္ဘာက လွှမ်းမိုးမှု မခံရစေဖို့ပါပဲ။” လက်ရှိမှာတော့ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုအပေါ် ကျောင်းသားတွေ၊ ဆရာတွေနဲ့ မိဘတွေက ချီးကျူးနေကြပြီး စုဆောင်းပြီး ဘတ်ငွေ ၄၅၀၀ စီ လစဉ်ထောက်ပံ့ပြီး ကျောင်းကတော့ နေ့လယ်စာ စီစဉ်ပေးတယ်လို့ ဆိုပါတယ်။ “ငွေကြေးက တကယ့်ကို နည်းပါးပေမယ့် ကျောင်းသားတွေကို သင်ကြားရတဲ့ အရာတွေကတော့ တကယ့်ကို တန်ဖိုးဖြတ်လို့ မရပါဘူး။” ကျောင်းအုပ်ချုပ်မှုဒါရိုက်တာ ပရာရော့ဒ်ဖူကောင်းကတော့ ကျောင်းအနေနဲ့ သူ့လိုဆရာမမျိုး ရှိနေတာ ကံကောင်းတယ်လို့ ပြောလိုက်ပါတယ်။ “သူ ကျနော်တို့နဲ့ရှိနေတာ ကံကောင်းတာပါပဲ။ တခြားဆရာဆရာမတွေလိုပဲ သူ အလုပ်လုပ်တယ်။ အရာအားလုံးကိုပေါ့။” ဆရာဆရာမ ရှားပါးမှုကြောင့် တကျောင်းလုံး စာသင်ကြားတဲ့ ဆရာဆရာမနဲ့ ဝန်ထမ်း ၇ ဦးသာရှိတဲ့ ဒီကျောင်းကလေးအနေနဲ့ လုပ်အားနဲ့ ဝန် မမျှတမှုကိုလည်း လျှော့ချနိုင်သွားတယ်လို့ ဆိုပါတယ်။ ဆရာမလေး ပန်နက်သာက သူ့အနေနဲ့ ကျောင်းကထွက်ခွာသွားဖို့ လတ်တလော အစီအစဉ် မရှိသေးပေမယ့် တခြားအိပ်မက်တခုကိုတော့ အကောင်အထည် ဖော်ချင်သေးတယ်လို့ ဆိုပါတယ်။ “ကျမအနေနဲ့ တနေ့နေ့တော့ ဒီကျောင်းမှာ အမြဲတမ်းဆရာမလေးတယောက် ဖြစ်လာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ အဲဒီအချိန်ကျရင် ကာကီရောင် ကျောင်းဝတ်စုံနဲ့ ကျမကို မိဘတွေမြင်ရင် အရမ်းဂုဏ်ယူကြမှာပေါ့။” နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီ ၁၆ ရက်နေ့ဟာ ထိုင်းနိုင်ငံတဝှမ်း ဆရာဆရာမများနေ့အဖြစ် သတ်မှတ်ပြီး ချီးကျူးဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုပွဲတွေ ကျင်းပလေ့ရှိကြပါတယ်။ အခုနှစ်မှာတော့ ဆရာမလေး ပန်နက်သာကို ကျောင်းက စံပြဆရာမလေးအဖြစ် ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။ “ကျနော့်အနေနဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စွမ်းဆောင်ရည်တွေအတွက် သူဟာ စေတနာ့ဝန်ထမ်း ဖြစ်နေပေမယ့် အကောင်းဆုံး စံပြဆရာမဆု ပေးချင်ပါတယ်” လို့ ကျောင်းအုပ်ချုပ်မှုဒါရိုက်တာ ပရာရော့ဒ်ဖူကောင်းက ချီးကျူးပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up