Home
မြန်မာသတင်း
YBS ယာဉ်လိုင်းများတွင် တာဝန်ထမ်းဆောင်နေသူများ တီဘီရောဂါဖြစ်ပွားမှု စစ်ဆေးတွေ့ရှိ  
ပိုင်စိုး
·
January 16, 2019
YBS ယာဉ်လိုင်းတွေမှာ တာဝန်ထမ်းဆောင်နေသူတွေကို ဓာတ်မှန်ရိုက် စစ်ဆေးရာမှာ တီဘီရောဂါဖြစ်ပွားသူများတာကို သာမန်ထက် ပိုတွေ့ခဲ့ရတယ်လို့ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး ဗဟို (ရန်ကုန်ရုံးခွဲ) တာဝန်ရှိသူက  ပြောပါတယ်။ ရွေ့လျားဓာတ်မှန်ရိုက်စက်နဲ့ ကွင်းဆင်းတီဘီရောဂါ ရှာဖွေရာမှာ တွေ့တာလို့ တီဘီ အထူးကု ဆရာဝန် ဒေါက်တာ မြတ်မြတ်မိုးက ပြောပါတယ်။ “ပြီးခဲ့တဲ့အပတ်မှာ တခြားမိုဘိုင်းအဖွဲ့က ၁၈၀ လောက် ရိုက်တာမှာ ၁၀ ယောက်၊ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ၅ ရက်ရိုက်တာက ၇၀၀ ကျော်ရှိတယ်။ အဲမှာ အယောက် ၅၀၊ ၆၀ လောက်တွေ့တယ်။ နည်းနည်းတော့ များတာပေါ့။ သူတို့က ကားမောင်းသမားတွေဆိုတော့ Risk ပိုပြီးတော့ ရှိတာကိုး။ ရပ်ကွက်တွေမှာ ရိုက်ရင် အဲလောက်မတွေ့ဘူးပေါ့။ ဒါပေမယ့် လှိုင်သာယာလိုနေရာမှာ ရိုက်ရင်တော့ အယောက် ၅၀၀ မှာမှ ၃၀ လောက်တွေ့ရတာ” လို့ ပြောပါတယ်။ ယာဉ်လိုင်းတချို့က ယာဉ်မောင်းတွေ၊ ဂိတ်ဝန်ထမ်းတွေကို စစ်ဆေးခဲ့တာလို့ သူက ပြောပါတယ်။ ဒီနှုန်းထားအရ လူ ၁၀၀ မှာ ၇ ယောက်ကျော်နှုန်းနဲ့ တွေ့ရတာဖြစ်ပါတယ်။ ရောဂါပိုး တွေ့ရှိခဲ့သူတွေကိုလည်း ဆေးကုသပေးဖို့ သက်ဆိုင်ရာ မြို့နယ်တွေကို ချိတ်ဆက်ပေးခဲ့တယ်လို့ ဒေါက်တာ မြတ်မြတ်မိုးက ပြောပါတယ်။ “ဆေးကုဖို့ကတော့ သူတို့နေထိုင်တဲ့ မြို့နယ် ကျန်းမာရေးဌာနကိုပဲ တခါတည်း လွှဲပေးလိုက်တာပါ။ ဆေးလာကု၊ မကုကတော့ မြို့နယ်မှာရှိတဲ့ ကျမတို့အဖွဲ့နဲ့ ချိတ်ဆက်မေးမြန်း တာပေါ့” လို့ ပြောပါတယ်။ တီဘီရောဂါဟာ ဆီးချိုရောဂါရှိသူတွေ၊ HIV ရှိသူတွေ၊ အာဟာရချို့တဲ့သူတွေ၊ အသက် ၅ နှစ်အောက် ကလေးတွေနဲ့ အသက် ၆၀ အထက် သက်ကြီးရွယ်အိုတွေမှာ ပိုပြီး အဖြစ်များတာပါ။ မြန်မာနိုင်ငံမှာ လူတသိန်းမှာ တီဘီလူနာအသစ် ၃၆၁ ယောက် ဖြစ်ပွားနေတယ်လို့ အမျိုးသား တီဘီရောဂါတိုက်ဖျက်မှု စီမံကိန်းရဲ့ စာရင်းတွေအရ သိရပါတယ်။ အခု ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ကားလိုင်းတွေပေါ်မှာ တီဘီပညာပေး ဗွီဒီယိုတွေ ပြဖို့ စီစဉ်နေတယ်လို့လည်း ဒေါက်တာ မြတ်မြတ်မိုးက ပြောပါတယ်။ “ရန်ကုန်မှာဆို ကားတွေက အလုံပိတ် အဲကွန်းတွေနဲ့ဆိုတော့ တယောက်နဲ့တယောက်ကို ကူးမှာစိုးရတယ်။ ချောင်းဆိုးရင် လည်း အုပ်ပြီးဆိုးတာမဟုတ်ဘဲ ဖွင့်ဆိုးကြလို့လေ။ အခု တချို့လိုင်းကားပေါ်တွေမှာ တီဘီ ပညာပေး ဗွီဒီယိုလေးတွေကို ပြပေးနေပါတယ်။ နောက်ပိုင်း လိုင်းပေါင်းစုံပေါ်မှာ ပြဖို့ စီစဉ်နေပါတယ်” လို့ ပြောပါတယ်။ တနိုင်ငံလုံးက ဆေးယဉ်ပါးတီဘီဖြစ်နေသူတွေရဲ့ ထက်ဝက်ကျော်ဟာ ရန်ကုန်တိုင်းမှာ ရှိနေပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်နဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှာ အများဆုံး ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း တီဘီရောဂါဆိုင်ရာ ဆရာဝန်ကြီးတွေ၊ တာဝန်ရှိသူတွေ အနေနဲ့ တီဘီရောဂါကို ကာကွယ်နှိမ်နင်းထိန်းချုပ်ရာမှာ လူထုအတွင်း ရှိနေနိုင်တဲ့ တိမ်မြုပ်နေတဲ့ လူနာတွေကို ရှာဖွေဖို့၊ တနည်းအားဖြင့် တီဘီရောဂါဖြစ်ပြီး မိမိကိုယ်တိုင်သတိမပြုမိတဲ့၊ ကုသမှုမခံယူရတဲ့ လူနာတွေကို ထိထိရောက်ရောက် ရှာဖွေကုသပြီး ရောဂါကူးစက်မှုထိန်းချုပ် နိုင်ရေးသည် အထူးအရေးပါတယ်လို့ ပြောထားပါတယ်။ တချို့ဒေသတွေမှာ တီဘီရောဂါဖြစ်ပွားတဲ့နှုန်း ကျဆင်းလာတာကိုသိရလို့ ဝမ်းမြောက်မိပေမယ့် အမှန်တကယ်ကျဆင်းလာတာလား၊စာရင်းဇယားမပြည့်စုံလို့ ကျဆင်းလာတာလား ဆိုတာကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ဖို့လိုတယ်လို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024