Homeမြန်မာသတင်း
နယ်စပ်ခြံစည်းရိုးအနီးတိုက်ပွဲဖြစ်၊ အေအေတပ်ဖွဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးဟု တပ်မတော်ထုတ်ပြန်
နယ်စပ်ခြံစည်းရိုးအနီးတိုက်ပွဲဖြစ်၊ အေအေတပ်ဖွဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးဟု တပ်မတော်ထုတ်ပြန်
DVB
·
January 16, 2019
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး၊ နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၅၆ အနီးမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ အေအေ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး မိုင်းထိမှန် ဒဏ်ရာရခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တချို့ဟာ ဇန်န၀ါရီ ၁၅ ရက် နေ့လယ်ပိုင်းက နယ်စပ်ခြံစည်းရိုး တလျှောက် လုံခြုံရေးဆောင်ရွက်စဉ် ဘီပီ-၅၆ စခန်းရဲ့ တောင်ဘက် မီတာ ၁၇ဝဝ အရောက်မှာ အေအေအဖွဲ့က ထောင်ထားတဲ့ နင်းမိုင်းတလုံး နင်းမိပေါက်ကွဲခဲ့ပြီး နှစ်ဖက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ရာနေရာကို တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပူးပေါင်းအဖွဲ့တွေ သွားရောက် ပူးပေါင်းစဉ် အေအေတပ်ဖွဲ့ ခန့်မှန်းအင်အား ၅ဝ လောက်က အသင့်စောင့်ကြိုဖြတ်တောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပြီး အေအေတပ်ဖွဲ့ဝင်တွေ နှစ်နိုင်ငံ နယ်နိမိတ် ခြံစည်းရိုးအပြင်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးသွားခဲ့တယ်လို့ တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ နေရာအနီးတစ်ဝိုက်မှာ အေအေတပ်ဖွဲ့ရဲ့ ပစ်ကျင်းတွေနဲ့ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးမှာ အကျယ် ၄ ပေ၊ အမြင့် ၅ ပေခန့်ရှိ ဖျက်ဆီးထားတဲ့ နေရာလေးနေရာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၅ ရက် မနက် ၈နာရီ ၅၅ မိနစ်နဲ့ နေ့လည် ၁၂ နာရီ ၂၀ မိနစ်မှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မောင်တောမြို့နယ်အစပ် နေရာနှစ်ခုမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်မတော် (အေအေ) သတင်းနှင့်ပြန်ကြားရေးကလည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တရက်ထဲမှာပဲ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စပါးထားရွာနဲ့ ဥယျာဉ်သာရွာနားမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ အေအေ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ-CINCDS