တနင်္သာရီမြို့နယ်တွင် ကျောင်းကြို/ပို့ကားမှောက်ပြီး ၅ တန်းကျောင်းသား ၁ဦးသေဆုံး
DVB
·
January 16, 2019
တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ရေဖြူကျေးရွာအနီးမှာ ဇန်နဝါရီ ၁၅ ရက် ညနေ ၄ နာရီခွဲလောက်က ကျောင်းကြို/ပို့ကား တိမ်းမှောက်ပြီး ၅ တန်း ကျောင်းသားတ ဦးသေဆုံးသွားပါတယ်။
ရေဖြူကျေးရွာ မူလွန်ကျောင်းက ကျောင်းသားတွေကိုလာကြိုတဲ့ကားဟာ ကျောင်းသား ၅ ဦး၊ ကျောင်းသူ ၃ ဦးနဲ့ ကုမ္ပဏီဝန်ထမ်း ၁ ဦးတင်ဆောင်ပြီး တနင်္သာရီ-ဘုတ်ပြင်းသွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၆၃/၀)အရောက်မှာ ကားရှေ့ ညာဘက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဆိုင်းဘုတ်ကို တိုက်မိပြီး မှောက်သွားတာပါ။
ရွှေကမ္ဘောဇ ဆီအုန်းကုမ္ပဏီက ကျောင်းကြိုပို့ကားဖြစ်ပြီး ဝန်ထမ်းသားသမီးတွေကို ရေဖြူမူလွန်ကျောင်းမှာ ကျောင်းဆင်းချိန် သွားကြိုပြီး ကုမ္ပဏီကိုအပြန်မှာ အခုလို တိမ်းမှောက်တာလို့ တနင်္သာရီ ရဲတပ်ကြပ်ကြီး ကျော်ဆွေက ပြောပါတယ်။
လူနာတွေကို တနင်္သာရီဆေးရုံကြီးကို ပို့ဆောင်ပေးနေစဉ် လမ်းမှာပဲ ၅ တန်း ကျောင်းသားလေး တဦး သေဆုံးသွားခဲ့တာလို့ လည်းပြောပါတယ်။
အခုလို ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အတွက် ယာဉ်မောင်းကို တနင်္သာရီမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။
သတင်း/ ဓာတ်ပုံ- မြတ်ထွဋ် (မြိတ်)