ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း ရာထူးက ထုတ်ပယ်ခံရ
DVB
·
January 15, 2019
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကို ရာထူးတာဝန်ကနေ ထုတ်ပယ်လိုက်တယ်လို့ ဇန်န၀ါရီ ၁၄ ရက်စွဲနဲ့ သမ္မတရုံးက အမိန့် ကြော်ငြာစာထုတ်ပြန်ပါတယ်။
ညွန်ကြားရေးမှူးချုပ်ထုတ်ပယ်ခံရတာနဲ့ ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လင်းရဲ့ ရုံးကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းရာ ဦးခင်မောင်လင်းအစည်းအဝေး၀င်နေပြီး ညွှန်ချုပ်ဦးရန်နိုင်ထွန်း အဖြုတ်ခံရတဲ့ ကိစ္စဟာ ဟုတ်ပေမယ့် အသေးစိတ်ကိုတော့ အစည်းအဝေးပြီးမှသာ ထပ်မံဆက်သွယ်ဖို့ ပြောဆိုခဲ့ပါတယ်။
ရာထူးကနေ ထုတ်ပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက “ဝန်ကြီးရုံး မေးကြည့်လိုက်တာ ကောင်းမယ်ထင်တယ်။ ဝန်ကြီးမေးကြည့်လိုက်ပါ။”လို့ ဒီကနေ့ မွန်းလွဲပိုင်းက ဆက်သွယ်မေးမြန်းမှုမှာ ဖြေကြားခဲ့တာပါ။
“အဖြုတ်ခံရတာက ဟုတ်ပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ဆရာအစည်းအဝေး တက်နေလို့ သူပြောပါလိမ့်မယ်”လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီးရုံးက တာဝန်ရှိသူ တဦးက ဒီဗွီဘီကိုပြောပါတယ်။
ညွန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၈ နဲ့ နိုင်ငံဝန်ထမ်းဥပဒေပုဒ်မ ၆ ပြဋ္ဌာန်းချက်နဲ့ အညီ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ အမိန့် နဲ့ ရာထူးကနေ ထုတ်ပယ်ခဲ့တာလို့ ဆိုပါတယ်။
ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းဟာ နယ်စပ်ကုန်သွယ်ရေးမှာ အရင် ညွှန်ချုပ်ရာထူးတာဝန် ထမ်းဆောင်ချိန်က သကြားတင်ပို့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဌာနတွင်း စစ်ဆေးမှု ပြုလုပ်ပြီး အရေးယူခံတာလို့ အတည်မပြုနိုင် သေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
သတင်း- ပြည့်ဘုန်းအောင်- အောင်ကိုကိုလတ် (နေပြည်တော်)